Saturday, July 21, 2012

အမေစုရဲ့ မွေးနေ့ 




မွေးနေ့ မှာ ဆုတောင်းအမျိုးမျိုးရှိကြပေမယ့် အမေစုကတော့ တိုင်းပြည်ငြိမ်းချမ်းရေးကိုသာ မြင်ချင်တယ်တဲ့။ အော်… အမေစုတောင် ၆၆ နှစ် ရှိသွားပြီပဲ။ အမေစုရဲ့ ဓါတ်ပုံတွေကို ကြည့်ရတာ အင်မတန်ပင်ပန်း နေတဲ့ ပုံတွေ တွေ့ ရတာများတယ်။ အကျယ်ချုပ် လွတ်မြောက်လာပြီး ကတည်းက နိုင်ငံခြားသား ဧည့်သည်တွေ နဲ့ တွေ့ ရ၊ ပါတီတွင်း အစည်းအဝေးတွေ လုပ်ရ၊ စည်းရုံးရေး အတွက် ပြင်ဆင်ရ နဲ့ ဘယ်မှာအားတယ် ရှိလို့ လဲ။

ဟိုး…လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂ နှစ်ဆိုတာကို စဉ်းစားကြည့်လိုက်တော့ သိပ်မကြာခဲ့သလိုပဲ။ မနေ့ တနေ့ က အဖြစ်အပျက်တွေ အတိုင်းပဲ မြင်နေမိသေးတယ်။ ၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့တာ၊ စစ်တပ်က ပစ်တာ သတ်တာ၊ ကျနော်တို့ တွေ တောခိုတာ၊ တောထဲမှာ ဒုက္ခပေါင်းစုံ ကြုံတွေ့ ရတာ၊ ဒီဘ၀တွေဟာ အိပ်မက်လိုလိုပါပဲလား။ အေးပေါ့လေ ကျနော်တို့  လည်း ငယ်တော့တာမှ မဟုတ်တော့ပဲ။

ကိုယ့်ကိုယ်ကိုသာ သတိမထားမိတာ ကျနော်တို့ ရင်ထဲ မျက်လုံးထဲ နှလုံးထဲမှာ (သဘောထား တူသည်ဖြစ်စေ မတူသည်ဖြစ်စေ) အမြဲအသဲအိမ်လို သတိထားမိတာကတော့ အမေစုပါ။ အမေစု အကျယ်ချုပ်မကျခင်ကတည်းက အပြင်ကနေ ရသလောက် ဓါတ်ပုံတွေနဲ့ ကျမ္မာရေး စိတ်ဓါတ်ရေးရာ အစစအရာရာ လူတိုင်းလို အကဲဖြတ်ခဲ့ အကဲခတ်ခဲ့ကြမှာပါ။ အကျယ်ချုပ် ကျပြန်တော့လည်း အမေစု ဘယ်လိုနေရှာမလဲ စိုးရိမ်ပူပန်နေခဲ့ကြတယ်။
ဟိုနားသွားလဲ အမေစု သတင်းတစိုးတစ ကြားရပြန်ရင် အားလုံးက ၀ိုင်းဝန်းပြောပြ ကြနဲ့ ပေါ့။ ဟော.. မြန်မာနိုင်ငံမှာ အိုင်တီခေတ်လို့ ပြောကြတဲ့ ခေတ်ကြီးကို လှည်းဘီးဆီမထည့်ထားတဲ့ လှည်းကြီးလို တအီအီမောင်းလာရ သလိုမျိုး တဖြည်းဖြည်း ချီတက်လာတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ငါးနှစ် ၆ နှစ်ကာလက စပြီး အမေစုနဲ့ သူ့ သားသမီးတွေ လုပ်ဖေါ်ကိုင်ဖက်တွေ ရှိတဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရေး ပိုကောင်းလာခဲ့တယ်။ အတွင်းက လူတွေထက်တောင် အပြင်က အမေစု သတင်းပို သိကြလေသလားတောင် စဉ်းစားမိတယ်။
အကျယ်ချုပ်က လွတ်မြောက်လာပြီး ကတည်းက ရှိသမျှအိုင်တီ နည်းလမ်းပေါင်းစုံ နဲ့ ကမ္ဘာကြီးနဲ့  အဆက်အသွယ် ပြန်ဖြစ်လာခဲ့တယ်။ တကမ္ဘာလုံးကလည်း သွားရောက်လည်ပတ်ကြ ဆွေးနွေးကြ တိုင်ပင်ကြ စသဖြင့် အမေစု အကြောင်းပြုပြီး မြန်မာပြည်ကြီးလည်း တင့်တယ်ခဲ့ရတယ်။

ဒါပေမယ့်….
၂၂ နှစ်ကြာနေပြီဖြစ်တဲ့ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တော် လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ရင်ဘောင်တန်း စီးချင်းထိုးနိုင်မယ့် ပါတီတည်ဆောက်ရေး ၊ လုပ်ငန်းအပေါ်မှာ တည်ဆောက်တဲ့ ညီညွတ်ရေး ၊ အတွေးအခေါ် လုပ်ဟန် တည်ဆောက်ရေးတွေ အားနည်းနေဆဲ ဖြစ်ခဲ့တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီး ကတည်းက တစစီဖြိုခွင်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ဒီကနေ့ ဆိုရင် နယ်တွေ တိုင်းတွေမှာ မပြောပလောက်တဲ့ အင်အားသာ ရှိတော့တယ်။
အဖွဲ့  ၀င်အင်အားကလည်း မဆိုသာလောက်တော့ဘူး။ တချိန်က လွန်ခဲ့တဲ့ ၂၂နှစ်က အသက် ၄၀ ပတ်ဝန်းကျင် ခေါင်းဆောင်တွေဟာ အခုဆိုရင် အသက် ၆၀ ကျော်နဲ့ တသက်လုံး နိုင်ငံရေး လုပ်ခဲ့ရတော့ ဘာမှကုန်းကောက်စရာ မကျန်တော့ဘူး။
ကျန်တဲ့ ခေါင်းဆောင်မှုကလည်း နှစ်ပေါင်း ၂၂ နှစ်အတွင်း ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေတဲ့ ကမ္ဘာ့နိုင်ငံရေးကို နားမလည်တော့ဘူး။ အရင်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့် က ကျန်ခဲ့တဲ့စစ်အေး တိုက်ပွဲကာလ အတွေးအခေါ်အယူအဆတွေနဲ့ သာ တ၀ဲလည်လည် ကျန်ခဲ့တော့တယ်။ နိုင်ငံရေးအရ အဆုံးအဖြတ် တိုက်ကွက်ပေါင်းများစွာ ချကစားနိုင်မယ့် ခေါင်းဆောင်တွေ မရှိတော့သလို ဖြစ်နေပြီ။ ဒီအခြေအနေဟာ အင်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှာလည်း အလားတူ ဖြစ်နေတယ်။
ကုန်ကုန်ပြောရရင် အမေစုသာ မရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နဲ့ မြန်မာ့နိုင်ငံရေးဟာ မယ်မယ်ရရ ပြစရာမရှိသလို ဖြစ်တယ်။ ဒါကြောင့် လာမယ့် ၅နှစ် ၆နှစ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နဲ့ ကျန်တဲ့ပါတီတွေအားလုံး ဦးဆောင်မှု ပညာအရည်အချင်း အတွေ့ အကြုံ မျှတရဲရင့်တဲ့ ဦးဆောင်နိုင်စွမ်းရှိသူ လူငယ်ထုကို မွေးထုတ်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် လာမယ့် အစိုးရရဲ့ နိုင်ငံရေးကစားကွက်တွေမှာ အမြင်ကျယ်ကျယ်နဲ့ ဝင်ကစား နိုင်မယ့် နိုင်ငံရေးသမား လူငယ်တွေ အများကြီးလိုအပ်နေပါပြီလို့ ပြောချင်ပါတယ်။
အမေစုပြောသလို သူ့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ပြောတာဟာ အမှန်ပါ။ အမေစုဟာ တိုင်းပြည်ရဲ့ မိခင် ငြိမ်းချမ်းရေးမိခင်အဖြစ်နဲ့ သာ ရှိစေလိုပါတယ်။ ကျန်တဲ့ လူငယ်တွေ လူလတ်တွေက သူ့ လိုဖြစ်အောင် ကြိုးစားပြီး တိုက်ပွဲအသစ် ရေချိန်ကို ပြင်ဆင်ကြပါစို့ ။
(၆၆ နှစ်မြောက် အမေစုမွေးနေ့ အမှတ်တယ)


No comments:

Post a Comment