Wednesday, June 20, 2012

မစိုးရိမ်အလွမ်း


(၁)
မိဂဒါဝုန်နံနက်ခင်းသည် မိုးစွပ်စိုမှုမရှိတော့သော်လည်း စိမ်းလန်းတောက်ပနေသည် ။ တိဘက်တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ မြူးတူးခုန်ပေါက်မတတ် ယိမ်းထိုးနေသည့် သစ်ပင်ပျိုများကြားတွင် သူ ဖြတ်လျှောက်မိသောအခါ သူ့ခြေလှမ်းများသည်ပင် သွက်လက်စိုရွှမ်းလာသယောင်ထင်ရသည်။ သစ်ပင်များကို ရဟန်းတစ်ပါးဖြစ်သော သူက မြတ်နိုးရပါသည်။
သစ်ပင်သည် ရဟန်း၏ မှီရာ ဟု ဗုဒ္ဓအရှင်က ရဟန်းအားလုံးကို သညာပေးလိုက်သည်။ ရဟန်းတစ်ပါး အဖြစ်ခံယူလိုက်သည့်နေ့မှ စ၍ သစ်ပင်ရင်းကို ကျောင်းအမှတ်ဖြင့် နေနိုင်ရပေမည် တဲ့..။ ရဟန်းတစ်ပါးသည် တိုင်းသားပြည်သူတို့၏ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရ..။ ရဟန်းတစ်ပါးကသာ လောကသားအားလုံးအတွက် ဓမ္မ၀န်ဆောင်ပုဂ္ဂိုလ်အဖြစ် စွန့်လွှတ်ရဲရင့်ရမည် ဟူသော မူကို အသေချမှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဗုဒ္ဓအရှင်နှင့် မဟာသာဝကအဆက်ဆက်တို့၏ ဓမ္မ၀န်ဆောင်မှုကို ကျေးဇူးတုန့်ပြန်လိုသော ပြည်သူတို့က ခမ်းနားပြည့်စုံသော ကျောင်းတော်ကြီးများကို ဆောက်လုပ်လှူဒါန်းခဲ့ကြသည်သာ။ ထိုကျောင်းတော်ကြီးများသည်ပင် ဓမ္မ၀ိဇ္ဇာလယခေါ် တက္ကသိုလ်ကြီးများအဖြစ် စည်ပင်လာရသည်။ သက်ဆိုင်ရာတိုင်းပြည်နှင့် လူမျိုးအတွက် ဓမ္မအသိနှင့် ယဉ်ကျေးမှုတို့ သီးပွင့်ရာ ပညာသစ်ပင်ကြီးများဖြစ်လာရသည်။
ခေတ်အဆက်ဆက် မြန်မာ့ရေမြေတွင် ဗုဒ္ဓဓမ္မ၏ ယဉ်ကျေးမှုအရိပ်များဖြင့် ငြိမ်းချမ်းအေးမြခဲ့ရလေသည်မှာ ထိုဝိဇ္ဇာလယကျောင်းတော်ကြီးများ၏ ကျေးဇူးပင်ဖြစ်လေသည်။
မည်သို့ဆိုစေ သစ်ပင်ရင်းကို ကျောင်းအမှတ်ဖြင့် သီတင်းသုံးရလေသော နေ့ရက်တို့ ကုန်ဆုံးသွားပြီဟု မဆိုလိုပေ။ သူကိုယ်တိုင် အရိပ်ခိုခဲ့ဖူးသော သစ်ပင်လေးတစ်ပင် ရှိခဲ့ဖူးပါသည်။
ဓမ္မသီတဂူကျောင်းဆောင်
(၂)
သူ မန္တလေးမြို့တွင် ပညာသင်ယူရန်စဉ်းစားလိုက်သောအခါ မစိုးရိမ်တိုက်သစ်ကို မျက်စိကျသွားသည်။ မိမိကိုယ်ကိုယ်အာမခံချက်(အတ္တသမ္မာပဏိဓိ)သာ ပေးရသော သံဃိကကျောင်းတိုက်ကြီးတစ်တိုက်၏ အရိပ်အငွေ့ကို အပြည့်အ၀ခံစားရသည် ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ သို့နှင့် မစိုးရိမ်တိုက်သစ်၊ဓမ္မသီတဂူကျောင်းဆောင်တွင် နေထိုင်ခွင့်ရရန် လျှောက်ထားဖြစ်ခဲ့သည်။
မစိုးရိမ်တိုက်သစ်တွင် ပညာသင်ကြားလိုသော ရှင်ငယ်ရဟန်းငယ်တစ်ပါးသည် မိမိကိုယ်တိုင် နာယကဆရာတော်ကြီးထံ ချဉ်းကပ်ကာ ပညာသင်ကြားရန် နေထိုင်ခွင့်ပြုစေလိုကြောင်း လျှောက်ထားနိုင်သည်။ မိဘဆရာသမားများ လိုက်လံအပ်နှံဖွယ် မလို..လှူဖွယ်ပစ္စည်းမလို.။ မိမိကိုယ်တိုင် ပညာသင်ယူလိုကြောင်းအာမခံမှုသာ လိုပေလိမ့်မည်။
ပရိယတ္တိပညာရေးလောကတွင် ကျော်ဇောကိတ္တိကြီးမားလှသည့် ကျောင်းတိုက်ကြီး၏ တံခါးဝသို့ စာသင်သားရဟန်းသာမဏေတို့ နှစ်စဉ် စုပြုံတိုးဝှေ့နေကြသည်။ သို့အတွက် ကျောင်းဒကာဒကာမများက သဒ္ဓါတရားထက်သန်စွာ ကျောင်းဆောင်အသစ်များ တိုးတက်ဆောက်လုပ်နေကြသည့်တိုင် စာသင်သားသံဃာနှင့် မမျှဖြစ်ကာ နေရာအခက်အခဲကတော့ ရှိနေမြဲဖြစ်သည်။ (သူ ပထမဆုံးမစိုးရိမ်စာသင်သားဖြစ်ခွင့်ရသောနှစ်က သံဃာငါးရာမျှသာ ရှိသော စာသင်တိုက်ကြီးသည် ယခုနှစ်တွင် သံဃာသုံးထောင်ခန့်သီတင်းသုံးလျက်ရှိသည်ဟု သိရသည်။)
ကဆုန်လပြည့်ကျော်တစ်ရက်နေ့တွင် စာသင်သားအသစ်များကို စတင်လက်ခံသည်။ ကျောင်းခံမိတ်ဆွေ ရဟန်းသာမဏေ တစ်ပါးရှိလျင်တော့ တွန့်ဆုတ်ဖွယ်မရှိဘဲ နာယကဆရာတော်ကြီးတစ်ပါးပါးထံ ၀င်ရောက် လျှောက်ထားရုံသာ ဖြစ်သည်။ သူကတော့ ကံကောင်းထောက်မစွာပင် သူ့ကိုယ်စား ဦးဆောင်လျှောက်ထားပေးမည့် စီနီယာရဟန်းတော်များရှိနေခဲ့ပါသည်။
မည်သို့ဆိုစေ သံဃာတော်များအတွက် ရည်စူးဆောက်လုပ်ထားသော သံဃိကကျောင်းသည် သံဃာတော်များအတွက် ဖြစ်ရမည် ဟူသော မူကို မြတ်နိုးတော်မူကြသည့် နာယကဆရာတော်ကြီးများက စည်းကမ်းနှင့် ညီညွတ်သောစာသင်သားငယ်တို့ကို အမြဲကြိုဆိုခဲ့ပါသည်။
သို့သော်
(၁) ၀ါမဆိုမီ သတ်မှတ်ထားသော အတန်းနှင့် သက်ဆိုင်သည့် စာများကို အလွတ်အာဂုံ(Oral Test) ပြန်ဆိုရမည်။
(၂)ဤကျောင်းတိုက်ကြီးတွင် နေထိုင်သမျှ မိမိအား ကောင်းဆိုးနှစ်တန် အာမခံပေးနိုင်မည့် ပုဂ္ဂိုလ်နှစ်ပါးရှိရမည်။ ဟူသော စည်းကမ်းချက်ကိုတော့ လိုက်နာရပေမည်။ ထိုအချက်များပျက်ကွက်ပါက ၀ါဆိုခွင့် မပေး ဟု သတ်မှတ်ထားသည်။
ပထမအချက်ထက် ဒုတိယအချက်က ပို၍ အရေးကြီးသည်။ သတ်မှတ်ထားသောစာကို ၀ါဆိုပြီးမှလည်း ပြန်ဆိုနိုင်သည်။ သိုသော် အာမခံပေးမည့် ပုဂ္ဂိုလ်မရှိလျင်တော့ မစိုးရိမ်စာသင်သားဖြစ်ရန် မျှော်လင့်ချက်မဲ့သွားသည်။
ကဆုန်လပြည့်နေ့မှ ၀ါဆိုလပြည့်နေ့အထိ နှစ်လတာကာလအတွင်း စာသင်သားအသစ်သည် အာမခံပေးမည့် ပုဂ္ဂိုလ်မျက်စိကျလောက်အောင် အပိုးကျိုးစွာ နေထိုင်တတ်ရပေမည်။ စာဝါလိုက်ခြင်းနှင့် ဘုရားဝတ်ပြုခြင်းတွင် ပုံမှန်တက်ကြွပြရသည်။း)
အာမခံမည့်ပုဂ္ဂိုလ်များသည် ပထမကြီးတန်းအောင်မြင်ပြီး အစိုးရဓမ္မာစရိယနှင့် သကျသီဟဓမ္မာစရိယတန်းတွင် ပညာသင်ယူနေသူများဖြစရမည်။ ပထမကြီးတန်းအောင်မြင်ပြီးသော ရှင်သာမဏေသည်ပင် အာမခံပုဂ္ဂိုလ်ဖြစ်ခွင့်ရှိသည်။
သူကိုယ်တိုင် ရှင်သာမဏေဘ၀ဖြင့် ပထမကြီးတန်းအောင်မြင်ပြီးသည့်အခါ အာမခံပုဂ္ဂိုလ်ဖြစ်လာသည်။ ၀ါမဆိုမီရက်များတွင် သူ မျက်နှာပွင့်လှသည်။ ဆွမ်းခံမကြွမီ နံနက်တိုင်း စိန်မေတ္တာကဖေး မင်းမင်းလက်ဘက်ရည်ဆိုင်များသို့ စာသင်သားအသစ်များက မိတ်ဖွဲ့ကာ ဖိတ်ခေါ်ကြသည်။
သို့နှင့် ၀ါဆိုလပြည့်နေ့ အာမခံပုဂ္ဂိုလ်ခေါ်သည့်အခါ စာသင်သားအသစ်များက သူ့ကို လက်ညှိုးထိုးကြတော့သည်။ စာသင်သားအသစ်များက ရှင်သာမဏေများသာမဟုတ်၊ ဆယ်ဝါပြည့်တင်းပြီးသော မထေရ်ရဟန်းကြီများလည်း ပါဝင်နေသည်။ ထိုစဉ်က ဓမ္မသီတဂူနာယကဆရာတော် (ယခုမြောက်ဒဂုန်မစိုးရိမ်တိုက်သစ်ဆရာတော်)က မျက်လုံးဝင့်ကာ သူ့ကို ကြည့်သည်။ ''ဟကောင် မင်း ဒါကြီးတွေကို နိုင်အောင် ထိန်းနိုင်ပါ့မလား'' တဲ့ ။
''ဖြစ်ပါတယ် '' ဟု သူက ပြန်လျှောက်ထားသောအခါ အားလုံးပွဲကျသွားသည်။
ပိတောက်ပင်နှင့် ရေးချမ်းစင်
(၄)
သူ့အတွက် အာမခံချက်ပေးခဲ့သော စီနီယာရဟန်းတော်နှစ်ပါးရှိခဲ့သည်။ မှတ်မှတ်ရရ အရှင်သုစရိတ(ငါန်းဇွန်)နှင့် အရှင်ဇနက (ခင်ဦး)တို့ဖြစ်သည်။ ထိုအာမခံရဟန်းတော်နှစ်ပါးသည် သူ့အား အချိန်မရွေး ဆုံးမနိုင်သည့် (နားရင်းအုပ်နိုင်သည့်) ပါဝါရှိသည်။ အပြစ်တစ်စုံတရာမကျူးလွန်အောင် ထိုရဟန်းတော်များက ထိန်းကျောင်းပေးရသည်။
ကျောင်းတိုက်ကြီး၏ နာယကဆရာတော်များက စာသင်သားတစ်ပါးကို အပြစ်ကျူးလွန်သည်ဟု ယူဆကာ ကျောင်းတိုက်မှ နှင်ထုတ်လျင် အာမခံပုဂ္ဂိုလ်များက လျှောက်ထားကယ်တင်ခွင့်ရှိသည်။ (ကြီးမားသော ပြစ်မှုများကို ကျူးလွန်ခဲ့လျင်တော့ ဖြေဆေးမရှိပေ၊) သို့သော် အာမခံပုဂ္ဂိုလ်များက စကားမနာခံဟု ယူဆသော စာသင်သားကို ''အာမမခံနိုင်တော့ပါ'' ဟု နာယကဆရာတော်များအား လျှောက်ထားလျင် နာယကဆရာတော်များသည်ပင် လက်ခံပိုင်ခွင့်မရှိပေ။
အာမခံစီနီယာပုဂ္ဂိုလ်များ၏ အခြားတာဝန်တစ်ခုမှာ ဂျူနီယာစာသင်သားငယ်၏ ပညာရေးကို အရေးထားရခြင်းဖြစ်သည်။ ကျောင်းတိုက်မှ ပို့ချပေးသော အတန်းများတွင် နောက်မကျစေရန် ထိုစီနီယာရဟန်းတော်များက စာသင်သားငယ်အား အပိုကျူရှင်ပေးရသည်။
ထိုအာမခံရဟန်းတော်နှစ်ပါးတွင် အရှင်ဇနကသည် သူ့မှီရာနိသျည်းဆရာဖြစ်သည်။ သူ့ပညာရေးအတွက် စာပုံမှန်ပို့ချပေးရုံသာမက ဆွမ်းကွမ်းအဆင်ပြေအောင်ပါ စီမံပေးခဲ့သည် ။ ကျေးဇူးတွေ ဘယ်လို ကျေအောင်ဆပ်ရပါ့..။
(၅)
ဝါဆိုလပြည့်နေ့တွင် မစိုးရိမ်စာသင်သားတရားဝင်ဖြစ်သွားသည်နှင့် နေရာချထားပေးသည်။ သူနေထိုင်ရာ ဓမ္မသီတဂူကျောင်းဆောင်အပါအ၀င် မစိုးရိမ်တိုက်သစ်ကျောင်းဆောင်များက အတွင်းပိုင်းအကာအရံမရှိသော ဟောလ်(Hall)ခန်းများသာဖြစ်သည်။ (ဓမ္မဒီပကျောင်းဆောင်တစ်ခုသာ တက္ကသိုလ်အဆောင်ကဲ့သို့ အခန်းဖွဲ့ထားသည်း)
လေးဘက်လေးတန် နံရံခေါင်းပြုထားသော နေရာများကို နှစ်ချို့စာသင်သားများအတွက် ဦးစားပေးသည်။ ခေါင်းရင်းမှာ သေတ္တာထားခွင့်ရသည်။ အလယ်ကွက်လပ်တွင် စာသင်သားအသစ်များကို နေရာချပေးသည်။ သေတ္တာထားစရာနေရာမရှိ။ မြေအောက်ခန်းထဲမှာ သွားထားရသည်။ ဓမ္မသီတဂူကျောင်း၏ မြေတိုက်ခန်းက စာသင်သားများ၏ သေတ္တာများဖြင့် ပြည့်နေသည်။
စာသင်သားအသစ်တစ်ပါးအနေဖြင့် ၀ါဆိုလပြည့်မရောက်မချင်း အဆင်ပြေသလို နေရသည်။ ကျောင်းခံမိတ်ဆွေစာသင်သားရှိလျင်တော့ ကပ်ရပ်နေထိုင်ကာ အဆင်ပြေနိုင်သည်။ အစိမ်းသက်သက်ဆိုလျင်တော့ ညပိုင်း အားလုံးအိပ်စက်ဖို့ နေရာယူပြီး ကွက်လပ်ကျန်သည့်နေရာကို ချောင်းရသည်။ ကွက်လပ်မကျန်တော့ဘူးဆိုလျင်တော့ လှေကားထိပ်မှာ သို့မဟုတ် ၀ရံတာမှာ ..။ နောက်ဆုံးတော့ ကျောင်းရှေ့က ပိတောက်ပင်လေးအောက်မှာ..။
သူ့အတွက် ဓမ္မသီတဂူကျောင်းဆောင်(တတိယထပ်) အလယ်ပိုင်းတွင် ပထမဆုံး ကျောတစ်ခင်းစာနေရာရပါသည်။ သူ့ထံသို့ အာဂန္တုတစ်ပါပါးးကြွလာလျင်တော့ သူ့အိပ်ရာကို ပေးကာ သူကိုယ်တိုင်ကတော့ ပိတောက်ပင်ရိပ်လေးဆီ ပြေးရပါလေသည်။ ပိတောက်ပင်လေး၏ ကွပ်ပျစ်လေးပေါ်တွင် သုံးပါးခန့်တော့ အိပ်လို့ ရတတ်သည်။
တခါတရံ ကိုယ့်ထက်ဝီရိယကောင်းသော မောင်ရှင်များရှိနေလျင်တော့ လူမနေသော ဆောက်လက်စ ဆွမ်းစားကျောင်းဆောင်ပျဉ်ပုံကြား တိုးဝှေ့ အိပ်ရပါလေမည်..။
သစ်တစ်ပင်ရင်း ၀ါးတစ်ပင်းရင်း ဟူသော ဝေါဟာရကို သူလည်း နားလည်ခဲ့ဖူးလေသည်။
ဓမ္မဂင်္ဂါ
(၂-၉-၂၀၁၁)

27 March, 2010

မစိုးရိမ်အလွမ်း(၆)


(၁)
၁၉၈၇ ခုနှစ် မစိုးရိမ်တိုက်သစ်ကို ရောက်ရောက်ချင်းမှာပဲ လင်္ကာတိုလေးတစ်ခုကို အမိအရမှတ်သားရပါတယ်။ “ကိုသီတိုက်သစ်က” တဲ့။ မစိုးရိမ်တိုက်သစ်ရဲ့ တစ်ခုတည်းသော ဖုန်းနံပါတ်လေးပါ။ အက္ခရာသင်္ကေတအရ ၂၆၇၆၂ ။ သဘာဝကျတဲ့မှတ်သားချက်လေးပါပဲ။ မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီးရဲ့ ဘွဲ့တော်က ဦးသီရိန္ဒမို့ “ကိုသီ(ဦးသီရိန္ဒ) တိုက်သစ်က(မစိုးရိမ်တိုက်သစ်က)။” ဖုန်းနံပါတ် ၂၆၇၆၂ ။

ခုချိန်ထိလည်း “ကိုသီတိုက်သစ်က”ဆိုတဲ့ ဖုန်းနံပါတ်(၂၆၇၆၂) လေးက လွန်တော်မူရှာပြီဖြစ်တဲ့ ဆရာ တော်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့အမှတ်ရဖွယ် မြတ်နိုးစရာဝေါဟာရလေးအဖြစ်စွဲထင်နေပါသေး တယ်။ စာသင်သားတွေ အချင်းချင်းတွေ့ဆုံမိတ်ဖွဲ့ကြတဲ့အခါ လိပ်စာအပြန်အလှန်လှဲလှယ်ကြပြီဆိုရင် “ကိုသီ တိုက်သစ်က” ဆိုတဲ့ ဖုန်းနံပါတ်လေးပေးရတော့တာပါ။

သူမစိုးရိမ်တိုက်သစ်ကို ရောက်ဦးစနှစ်တွေမှာ သံဃာတော်ငါးရာကျော်(ခုသုံးထောင်ကျော်)သီတင်းသုံးနေတဲ့ နာမည်ကျော်စာသင်တိုက်ကြီးရဲ့ တစ်လုံးတည်းသောဖုန်းလေးပါပဲ။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ရင်း ဖွင့်ရင်းနဲ့ မပွင့်တပွင့်ဖြစ်လာခဲ့တဲ့ ဒီနေ့ခေတ်မှာတော့ ကမ္ဘာနဲ့ မပြိုင်နိုင်သေးပေမယ့် ယခင် မန္တလေးထက် နှာတစ်ဖျား သာခဲ့ပြီဆိုတာ သေချာနေမှာပါ။ ဟိုတုန်းကတော့ ဖုန်းလေးတစ်လုံးတည်း။ မစိုးရိမ်သွေးနဲ့ နီးသူတွေ ရဲ့ ရင်ထဲမှာ “ကိုသီတိုက်သစ်က”၊ဖုန်းနံပါတ်၂၆၇၆၂။

(၂)

ရှေးခေတ်မြန်မာမှုနယ်ပယ်နဲ့ သာသနာတော်လောကမှာ အကြောင်းအရာတစ်ခုခုကို မှတ်တမ်းတင်တဲ့အခါ အရေအတွက်ဂဏန်းနံပါတ်တွေကို အက္ခရာသင်္ကေတတွေနဲ့ အလွယ်မှတ်သားလေ့ရှိဖူးပါတယ်။ “အုတ်ကျစ် ကျော်အေး၊ မန္တလေး”“ လှည်းဝင်ရိုးသံ၊ တညံည၊ံ ပုဂံဘုရားပေါင်း။”ဆိုတာမျိုးလေးတွေပါ။ မမေ့တော့ဘူးပ။

မန္တလေးသာသနာ့တက္ကသိုလ်နေ့ရက်တွေဆီက မိတ်ဆွေရဟန်းတော်တစ်ပါးကိုလည်း အမှတ်ရနေမိပါသေး တယ်။ သာသနာ့တက္ကသိုလ်ပြဌာန်းကျမ်းစာတွေထဲက ပိဋကတ်စာပေသမိုင်းသင်ရတဲ့အခါ ကျမ်းပြုဆရာတော် တွေရဲ့ အတ္ထုပ္ပတ္တိမှာပါတဲ့ မွေးသက္ကရာဇ်နဲ့ ကျမ်းပြုနှစ်၊ ကျမ်းပြီးနှစ်တွေ မှတ်ဖို့ ကြိုးစားရပါတယ်။ စာမေးပွဲနီးပြီ ဆိုရင် သက္ကရာဇ်မှတ် အတိုကောက်သင်္ကေတစာတိုလေးတွေ ပလူပျံအောင် ထွက်လာတတ်ပါတယ်။ ကိုယ်မှတ် တတ်သလို အာတွေ့သလို သင်္ကေတလင်္ကာလေးတွေ စာချိုးလေးတွေ ရေးပြီးတော့ မှတ်ကြတာပါ။ ရဟန်းတော် များရဲ့ စာကျက်နည်းတစ်မျိုးပါပဲ။

သူ့မိတ်ဆွေရဟန်းတော်ကတော့ စာတွေမှတ်သားတဲ့အခါ ငယ်သံယောဇဉ်နာမည်လေးတစ်ခုကို ပင်တိုင်ထားပြီး အသုံးပြုလေ့ရှိ ပါတယ်။ အေးအေးမာဆိုတဲ့ ငယ်ကျွမ်းဆွေလေးက ပိဋကတ်စာပေ သမိုင်းမှတ်စုရဲ့ အထင်ရှားဆုံးနာမည်တစ်ခု ဖြစ်လာပါတော့တယ်။ “အေးအေးမာမာ၊ မိတ္ထှီလာ ၊ ရွာမှာသပြေကုန်း” ဆိုတာမျိုးပါ။ ပဉ္စမသံဂါယနာပွဲတော်မှာ အကြီးအမှူးဆရာတော် အဖြစ်ဆောင်ရွက် တော်မူခဲ့တဲ့ မင်းတုန်းမင်းတရားကြီး အကိုးကွယ်ခံဘုရားကြီးဆရာ တော်ရဲ့ မွေးနှစ်နဲ့ ဇာတိရွာအကြောင်းလို့ ထင်ပါတယ်။ ၁၁၅၅ ခုနှစ် မိတ္ထီလာမြို့နယ်၊ သပြေကုန်းဆိုတဲ့ရွာလေးမှာ မွေးဖွားခဲ့တယ်ပေါ့။ (အေး=၁၊အေး=၁၊ မာ=၅၊မာ=၅)။

သင်ရတဲ့ပိဋကတ်စာပေသမိုင်းထဲမှာ သက္ကရာဇ် ၁၁၀၀ နှောင်းပိုင်းကို ကိုယ်စားပြုတဲ့ ကုန်းဘောင်ခေတ် စာဆိုတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ကျက်မှတ်ရတဲ့အခါ မိတ်ဆွေရဟန်းတော်က သူ့စိတ်ကြိုက်(၁) ဂဏန်းတွေကို “အေး” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးဖို့ ကြိုးစားတော့တာပါ။ “ဥသြအော်မည် ကုန်းဘောင်တည်” ဆိုတာ ကိုတောင် “ အေးသုံးခါ၊ မာတစ်ချက်၊ ကုန်းဘောင် တည်ပန္နက်။” ဆိုတာမျိုး လုပ်ခဲ့တဲ့အထိ ဥပါဒါန် မှတ်စုလေးပြုစု ခဲ့ရှာပါသေးတယ်။ ခုတော့ ပြုစုသူမိတ်ဆွေရဟန်းတော်လည်း ဈာန်သမာပတ်ကစားရင်း စွန်ကြိုးနဲ့ ထိလို့ ပြတ်ကျသွားရှာပါပြီ။

(၃)

ဒီလပိုင်းအတွင်း တိဘက်တက္ကသိုလ်မှာ ပါဠိသင်တန်းစဖွင့်တော့ သင်တန်းမှာ မြန်မာလူမျိုးတွေရဲ့ အမည်ပေး ပုံ ဓလေ့ထုံးတမ်းလေးအကြောင်း မိတ်ဆက်ဖြစ်ပါတယ်။ပါဠိအက္ခရာတွေကို ရေးချပြရင်းနဲ့ပါ။ ရွှေပြည်ကြီးစီတီဇင် တွေကတော့ နေ့နံသင့်နာမည်ပေးပုံတွေကို ကျွမ်းဝင်ပြီး သားမို့ ရှင်းပြဖွယ်မလိုပေဘူးပ။ တိဘက် တက္ကသိုလ် စာသင်ခန်းထဲက တပည့်သာဝကတွေကိုတော့ သေသေချာချာရှင်းပြဖြစ်ပါတယ်။ သာဝကလေးတွေကလည်း စိတ်ဝင်စားကြတယ်။

အ အာ ဣ ဤ ဥ ဦ ဧ သြ= တနင်္ဂနွေနေ့
က ခ ဂ ဃ င= တနင်္လာနေ့
စ ဆ ဇ ဈ ည=အင်္ဂါနေ့
ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န= စနေနေ့
ပ ဖ ဗ ဘ မ=ကြာသပတေးနေ့
သ ဟ =သောကြာ
( အင်း ခုမှပဲ လက်ကွက်ပြန်ကျင့်ပြီးသားဖြစ်တော့တယ်)

ဒါပေမယ့် အမေးအမြန်းထူတတ်တဲ့ သူ့သာဝကလေးတွေဆီက “ထေရ၀ါဒဖြစ်ပြီး ဘုန်းကြီးရဟန်းတွေကိုယ်တိုင် က ဘာဖြစ်လို့ နေ့နံသင့်နာမည်တွေ စဉ်းစားရွေးချယ်ကြသလဲ၊ ဘယ်ခေတ်က ဒီယဉ်ကျေးမှု စတင်ခဲ့သလဲ ” ဆိုတဲ့ မေးခွန်းတွေ တက်မလာတာတော့ ကံကောင်းသွားတယ်။ သူကိုယ်တိုင်လည်း စာသင်ခန်းထဲက ထွက်လာမှ တွေးမိလို့။ သာသနာ့တက္တသိုလ်ဂုရုကြီးတစ်ပါးကလည်း ဒီလိုအတွေးမျိုးလေး လမ်းစခဲ့ဖူးတာ မှတ်သားဖူးပါရဲ့။ဂုရုကြီးကိုယ်တိုင်က မေးခွန်းနားမှာပဲ ကပ်ဆင်းသွားတာမို့ သူကိုယ်တိုင်လည်း အဖြေမှတ်တိုင် ထိ မလိုက်ခဲ့မိတော့ဘူး။

(၄)
အော် နေ့နံသင့်အက္ခရာသင်္ကေတလေးတွေနဲ့ မှတ်ထားမိတဲ့ ဖုန်းနံပါတ်လေး။ “ကိုသီ တိုက်သစ်က” “ ၂၆၇၆၂”။ သူ့အတွက်တော့ ဒီဖုန်းလေးက အများကြီးအလုပ်မလုပ်ခဲ့ရရှာပါဘူး။ နေခဲ့တဲ့ လေးနှစ်တာအတွင်းမှာ သုံးကြိမ်လောက်ပဲ သူ့နာမည်ကို ဖုန်းလေးက ရှာခဲ့ဖူးတာပါ။ စာသင်သားတွေအများကြီးကြားထဲမှာ ဖုန်းခေါ်သံပိုင်ရှင်ကို မတွေ့တွေ့အောင် လိုက်ရှာပေးတဲ့ ဖုန်းစောင့်ကိုယ်တော်ကြီးကိုယ်တော်လေးတွေက လည်း ကျေးဇူးတင်စရာပါ။ ဆရာတော်ကြီးသီတင်းသုံးတဲ့ ကျောင်းမှာ ဖုန်းကရှိတာမို့ လိုတိုရှင်း ပြောရလေ့ရှိပါတယ်။ ကြူတာ မူတာ နွဲ့တာ လှည့်တာများ အလျင်းမရှိစေရ။

တကယ်ပါပဲ ဒီဖုန်းလေးက စာချစာသင်သံဃာတော်အရှင်တွေရဲ့ ပုဂ္ဂလိကအရေးအရာတွေအတွက်သာမက သာသနာတော်အတွက်၊ တိုင်းပြည် အတွက်ပါ အများကြီးအလုပ်လုပ်ခဲ့ရကြောင်း သမိုင်းရေး ထိုးနိုင်ခဲ့ပါတယ်။

မစိုးရိမ် တိုက်သစ်မှာ နာယကဆရာတော်ကြီးသုံးပါး စီမံအုပ်ချုပ်တော်မူကြောင်း စကားစပ်မိတိုင်း ပြောပြခဲဖူးပါပြီ။ သိက္ခာတော်အကြီးမားဆုံးဆရာတော်ကြီး ဦးသီရိန်(အဂ္ဂါဘိဓဇ)က နိုင်ငံတော်သံဃ မဟာနာယကအဖြစ်နဲ့ ရန်ကုန်ကမ္ဘာအေးမှာ သာသနာရေးတာဝန်နဲ့ သွားရောက်သီတင်းသုံးရလေ့ရှိပါတယ်။ ဒုတိယဆရာတော် ဦးနာယကတော့ အသံတော်တိတ်စွာ အေးအေးချမ်းချမ်းပဲ စာပေနဲ့ မွေ့နေလေ့ရှိပါတယ်။

တတိယသက်တော်အငယ်ဆုံးဆရာတော်ဦးရာဇဓမ္မ(ယခုလက်ရှိဆရာတော်ကြီး)ကတော့ ထက်မြက်ခေတ်မီစွာ လောကဓမ္မနှစ်ဌာနလုံးကို ဦးဆောင်လေ့ရှိပါတယ်။ မန္တလေးမြို့ရဲ့ သြဇာအရှိဆုံးဆရာတော်များစာရင်းမှာ ထင်းထင်းကြီး ရေးထွင်းရမှာပါ။ ဒါကြောင့်လည်း ဆိတ်ဖလူးနံ့တို့ နရသိန်တို့ဆိုတဲ့ ဝေါဟာရတွေနဲ့ ရင်းနှီးကျွမ်း ၀င်ခဲ့ရတာဖြစ်မှာပါပဲ။

ဆရာတော်အရှင်ရာဇဓမ္မရဲ့ သြ၀ါဒကောက်နှုတ်ချက်လေးကို ပြန်လှန်ဖြစ်ပါတယ်။

“အေး အဲဒီ သုံးပါးက ညီညီညွတ်ညွတ်နဲ့ တက်ညီလက်ညီ သာသနာပြုတယ် ဟုတ်လား၊ အဲသလို သာသနာပြုလို့ ဒီတိုက်ကြီး ဒီလောက်တိုးတက်လာတာ ဟုတ်လား၊ အဲဒါ ဘေးက ဘယ်လောက်ထိအောင် အနှောက်အယှက်တွေပေးကြသလဲဆိုတော့ ဟိုအရေးအခင်းကိစ္စ(ရှစ်လေးလုံးကို ရည်ညွှန်း)တုန်းက တိုက်သစ် က ဘုန်းကြီးဦးသီရိန်ကို လက်မခံတော့ဘူး၊ သူက ရန်ကုန်ရောက်နေတာကိုးကွ၊ ဟုတ်လား၊ ရန်ကုန်ရောက် နေတော့ တိုက်သစ်က ဘုန်းကြီးဦးသီရိန်ကို လက်မခံတော့ဘူးတဲ့၊ ဒါ နိုင်ငံရေးပယောဂ၊”

နိုင်ငံရေးပယောဂဆိုတာ နိုင်ငံရေးချည်းမထင်နဲ့ အုပ်ချုပ်သူလူတန်းစားပါကောင်းပါလိမ့်မယ်။ အေး ဒီအုပ်ချုပ်သူလူတန်းစားဆိုတာ စည်းစည်းလုံးလုံးနဲ့ ညီညွတ်နေတာ အင်မတန်ကြောက်တာပေါ့ ဟုတ်လား၊အေး ကွဲပြားမှ၊ ဒါက ဗြိတိသျှအစိုးရအဆက်ဆက် ဒီအတိုင်းပဲကွ၊ ဟုတ်လား၊ မကွဲကွဲအောင် သူတို့က လုပ်မှာ၊”

“အဲဒီတော့ ဘုန်းကြီးဦးသီရိန်က ရန်ကုန်မှာ ၀ါဆိုတယ်၊ ၀ါဆိုတော့ မစိုးရိမ်တိုက်သစ်က ဘုန်းကြီး ဦးသီရိန်လက်မခံဘူးတဲ့။ ဒါကို မြို့ထဲ လျှောက်လွှင့်တယ် ဟုတ်လား၊ သူတို့ကသာ လက်မခံဘူး လွှင့်နေတာ၊ ငါနဲ့ ဘုန်းကြီးဦးသီရိန်က ဖုန်းအဆက်သွယ်အမြဲတမ်းရှိတယ်။ ဟေ့ ဘယ်လိုလုပ် ဘယ်လိုလုပ်၊ ဟုတ်တယ်မဟုတ်လား သူကလည်း၊ ငါကလည်း ဘာတွေ လုပ်ထားတယ်၊ ဘယ်လိုလုပ်ထားတယ်ပေါ့၊ အဲလိုဖုန်းအဆက်အသွယ်က အမြဲတမ်းရှိတယ်၊ဟုတ်လား၊”

“နောက်ဆုံး မင်းတို့ပြောပြမယ်၊ (၇-၈-၈၈)နေ့က တိုက်ဟောင်း(မစိုးရိမ်ကျောင်းတိုက်ကြီး)ထဲမှာ ဦးညိုဝင်း(မန္တလေးတိုင်းပြည်သူ့ကောင်စီဥက္ကဋ္ဌ)ကို ဖမ်းထားတာ၊ အဲဒီဖမ်းထားတာ ငါက ကမ္ဘာအေးက ဖုန်းဆက်မှ သိရတာ၊ သိကို မသိဘူး၊ ဒီမှာက ငါက စာအံခိုင်းပြီးတော့ စာသင်သားတွေ စစ်နေတာဟုတ်လား၊ စာသင်သားတွေ ပြည့်ရဲ့လား၊ စာအံကျောင်းမှာ စုံရဲ့လားဆိုပြီးတော့ စစ်နေတာ၊ ကမ္ဘာအေးက ဖုန်းဆက်လို့ ကိုညိုဝင်းဖမ်းခံရတယ် ဆိုတာငါသိရတာ၊ ဟာ ဘာကြောင့်ဖမ်းတယ်ညာရယ် မသိသေးဘူး၊ သိအောင် တိုက်ဟောင်းသွားပြီးတော့ “ အဆိုးထဲက သက်သာသောအဆိုးဖြစ်အောင် လုပ်မယ်” ငါဒီလောက်ပဲ တာဝန်ယူပါတယ်။

အဲ ကောင်းပြီ၊ လုံးဝကောင်းလာပါစေ့မယ်လို့ တာဝန်မယူဘူး၊ အဆိုးထဲက သက်သာသော အဆိုးဖြစ်အောင် လုပ်ပါ့မယ်။ ဟုတ်လား၊ အဲသလို ပြန်လိုက်တယ် ဖုန်း။” ကမ္ဘာအေးကပြီးတော့ တိုင်းကောင်းစီမောင်ဘတူ ဗိုလ်မှူးဘတူ၊ သူကအတွင်းရေးမှူးမဟုတ်လား၊ မောင်ဘတူက ငါ့ဆီ ဖုန်းဆက်ပြန်ရော၊ “ ဆရာတော်ဘုရား တပည့်တော်တို့ ဥက္ကဋ္ဌတော့ အဖမ်းခံထားရတယ်ပေါ့၊ ဆရာတော်ကြည့်ပြီးတော့ ရှင်းပေးပါဦး၊”


“ အေး ငါလည်း ခုပဲ ရန်ကုန်က ဖုန်းရလို့ ငါ အခုပဲ သွားမယ်၊ ဆယ်မိနစ်လောက်တော့ ကြာတယ်၊ ဒီအတွင်းမှာ မင်းတို့ကလည်း စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ ငါ အဆိုးထဲက သက်သာသော အဆိုးဖြစ်အောင် လုပ်ပေးမယ် ဟုတ်လား၊ အဲဒီလိုပြောပြီးတော့ သွားလိုက်တယ်။ သွားလိုက်တော့ အကုန်ရှင်းသွားတယ်ဆိုပါစို့ကွာ”

“ဆိုလိုရင်းက ဘေးကသာ ၀ိုင်းပြီးတော့ မြှောက်ပေးတယ်၊ တိုက်ကြီးကွဲအောင် လုပ်နေတယ်၊ ဒို့သုံးပါးက လုံးဝမကွဲဘူး၊”

(၅)
အော် “ကိုသီတိုက်သစ်က”။ ဖုန်းနံပါတ်လေး ၂၆၇၆၂ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးစတော့မယ့် တစ်ရက်အလိုမှာ မန္တလေးမြို့ကြီးမီးဟုန်းဟုန်းတောက်သွားစေနိုင်တဲ့ သွေးမျက်ရည်မြစ်ကြီးစီးသွားနိုင်တဲ့ အခြေအနေကို ထိန်းသိမ်းပေးနိုင်လိုက်တဲ့ တယ်လီဖုန်းလေး။

ဒါပေမယ့် ဆရာတော်ကတော့ အဲဒီအရေးအခင်းပြီးတဲ့အချိန်မှာ သီးသန့်ပင့်ခေါ်ရာဆီ ကြွခဲ့ရရှာပါတယ်။ နေလနက္ခတ်တွေ လည်ပတ်မှုကင်းရာ ကမ္ဘာမြေပြားရာဆီ။ The world is flat. ကသိုဏ်းကို သုံးနှစ်တာမျှ တကိုယ်တော်စီးဖြန်းခဲ့ရှာပါတယ်။

ဒီအကြောင်းလေးကို ဆရာတော်က အမှတ်ရစွာ ပြောပြပါသေးတယ်။

အဲဒီနောက် ငါက ရှေးဘ၀တုန်းက ကုသိုလ်တွေလုပ်ခဲ့တော့ ထောင်ထဲရောက်သွားရော၊ ကုသိုလ်လုပ်လို့ ထောင်ထဲရောက်သွားတာ၊ ဟုတ်လား၊ မင်း“ ဗောဓိပင်ပျိုးလို့ ပေါင်ကျိုးတယ်” ဆိုတာကြားဖူးလား၊ ဗောဓိပင်စိုက်ရင် ကုသိုလ်ရမှာကွ၊ အဲဒါ ပေါင်ကျိုးသတဲ့၊ အဲဒါတစ်ခြားမဟုတ်ဘူးကွ၊ ဗောဓိပင်ပျိုးတဲ့ ကုသိုလ်ခံလို့ ပေါင်ပဲ ကျိုးတာတဲ့၊ ဗောဓိပင်သာ မပျိုးဘူးဆိုရင် သေကို သေမှာကွ၊ အေး ငါလည်း ဗောဓိပင်ပျိုးလို့ ပေါင်ကျိုးတာဟုတ်လား၊”

“ အေး ငါက လူထုလည်းပဲ သတ်တာဖြတ်တာတွေ မဖြစ်အောင် ပြောတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေလည်း ပြောတယ်ပေါ့ကွာ၊ သူတို့လည်းပဲ ပြောတယ်၊ မင်းတို့ ရမ်းမပစ်နဲ့၊ လူထုကိုလည်း သိပ်ပြီးတော့ မင်းတို့မစော်ကားကြနဲ့ ဟုတ်လား၊ အဲလိုဆိုရင် အကုန်လုံး ဒုက္ခဖြစ်ကုန်မယ်၊ ငါလည်း လူထုလည်း ပြော၊ အထက်အာဏာပိုင်အဖွဲ့လည်း ပြောတယ်၊ အဲဒီတော့ ငါ့ငြိမ်းချမ်းအောင် လုပ်တဲ့ပုဂ္ဂိုလ်ပဲ ဆိုပြီး ဦးစောမောင်တို့က ထောင်ချတယ်ပေါ့ကွာ၊ ကိုစောမောင်လက်ထက်မှာ၊ ဒါ မောင်ခင်ညွန်ရဲ့ ကုသိုလ် ကောင်းမှုဟုတ်လား၊”

(၆)
ဘာပဲဖြစ်ဖြစ် အဲဒီ တယ်လီဖုန်းလေး ရှိနေဦးမှာပါ။

09 December, 2009

မစိုးရိမ်အလွမ်း(၅)

မစိုးရိမ်မှာနေတဲနှစ်တွေမှာ အလုပ်နဲ့ ညီညွတ်မှုဆိုတဲ့စကားလုံးနှစ်လုံးကို အမြဲကြားရလေ့ရှိပါတယ်။ မစိုးရိမ် ဆရာတော်ဘုရားကြီးဦးသူရိယယုံကြည်စိတ်ချစွာ လွှဲအပ်တော်မူခဲ့တဲ့အတိုင်း နာယကဆရာတော်သုံးပါးက ညီညွတ်မျှတအောင် ကျောင်းတိုက်ကြီးရဲ့လုပ်ငန်းစဉ်တွေကို ပုခုံးနဲ့ရော နှလုံးသားနဲ့ပါ ထမ်းတော်မူခဲ့ကြလို့ မစိုးရိမ်တိုက်သစ်ရဲ့ နှစ်ငါးဆယ်ခရီးဟာ မြန်မာနိုင်ငံသာသနာအတွက် မန္တလေးစာမျက်နှာမှာပါ အကျိုးဆက်ကောင်းတွေကို မွေးမြူစိုက်ပျိုးနိုင်ခဲ့ကြပါတယ်။
နာယကဆရာတော်သုံးပါး ညီညွတ်စွာ အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး ဆရာတော်အရှင်ရာဇဓမ္မက ဆရာတော်အရှင်နာယကာဘိဝံသ လွန်တော်မူခြင်းအထိမ်းအမှတ်ပွဲတွေမှာ ဒီလိုပြန်ပြောင်းပြောပြတတ်ပါတယ်။
မစိုးရိမ်တိုက်သစ်တည်ထောင်တာက (၁၃၁၆)ခုနှစ်မှာ----။ (၁၃၂၀) မှာတော့ ခုပျံတော်မူတဲ့ ဦးနာယက ဒီမစိုးရိမ်တိုက်သစ်ကိုပြောင်းတယ်။ သူကတော့သကျသီဟအောင်ပြီးပြီးချင်း မစိုးရိမ်တိုက်သစ်ပြောင်းသွားတယ်။ မစိုးရိမ်တိုက်ကြီးမှာ စာမချဘူး။ နောက် (၁၃၂၇)မှာတော့ ဘုန်းကြီးဦးသီရိန်-----။ ဘုန်းကြီးဦးသီရိန်ကတော့ မစိုးရိမ်တိုက်ကြီးမှာ ၁၀ နှစ်လောက်စာချခဲ့တယ်။ (၁၃၂၈)ကျတော့ ငါက မစိုးရိမ်တိုက်သစ်ကို ပြောင်းပြီး စာချတယ်။ မစိုးရိမ်တိုက်ကြီးမှာတော့ (၅)နှစ်တိတိစာချခဲ့တယ်။ အဲဒီ (၁၃၂၈)ငါပြောင်းတဲ့နှစ်တုန်းက တစ်တိုက်လုံးမှ သံဃာ (၆၃)ပါးပဲ ရှိတယ်။------။”

“အဲ ငါပြောင်းတော့ ဆရာတော်ဘုရားကြီးက----“မင်း မစိုးရိမ်တိုက်သစ်ကို စာသင်တိုက်ပုံစံဖြစ်အောင် အနည်းဆုံးသံဃာ(၂၀၀) လက်ခံ ”အဲဒီလို အမိန့်ရှိတယ်။ အဲဒီတုန်းက အဆောက်အဦနဲ့ဆိုရင်တော့ သံဃာနှစ်ရာလောက်ပဲ နေလောက်မှာပါပဲ---။အခုတော့ သံဃာနှစ်ထောင်ကျော်ရှိလာတယ်။ ကျောင်းတွေ လည်း တိုးလာတယ်။ ----ဘာဖြစ်လို့ တိုးတက်လာသလဲဆိုရင် ဒီနာယကကြီးသုံးပါး ညီညီညွတ်ညွတ်နဲ့ သာသနာပြုလုပ်ငန်းလုပ်ကြတဲ့အတွက် ဒီတိုက်တာကြီးဟာ သံဃာတွေလည်း တိုးလာတယ်။ ကျောင်တွေလည်း တိုးလာတယ်။ ဒီတော့ ဘယ်လုပ်ငန်းမဆို ညီညွတ်ရေးဟာ အင်မတန်လိုအပ်တယ်။”

မစိုးရိမ်တိုက်သစ်ဆိုတာဟာ သာသနာလောကမှာ ညီညွတ်မှုရဲ့ ပြယုဂ်ဖြစ်ကြောင်း အလုပ်တွေနဲ့ သက်သေပြခဲ့တာပါ။ ဘယ်သူခွဲခွဲ ဒို့မခွဲဆိုတာကို စာလုံးမဲကြီးတွေနဲ့ ဖော်ပြစရာမလိုပဲ ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီတရားတွေနဲ့ လက်တွေ့ကျင့်သုံးခဲ့တာသေချာခဲ့ပါတယ်။ ညီညွတ်မှုဟာ အင်အားဖြစ်ပါတယ်။
အဲဒီအင်အားကို ထိတ်ပြာေ၀၀ါးသူတို့လည်း ရှိခဲ့ဟန်တူပါတယ်။ ညီညွတ်မှုကို ဖြိုခွဲရင် အင်အားဟာ ပြိုလဲရမှာပါပဲ။ ဗုဒ္ဓခေတ်က အနောက်နိုင်ငံရောမ ခေါမတို့နဲ့ အပြိုင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ညီညွတ်စည်းလုံးပါတယ်ဆိုတဲ့ ဂဏနိုင်ငံတော်ဝေသာလီဟာ ဝေဿကာရအမတ်ကြီးရဲ့ သွေးခွဲမှုကြောင့် မဂဓနိုင်ငံခြေဖ၀ါးအောက်ရောက်ကာ ပျက်သုဉ်းသွားခဲ့ရဖူးပါတယ်။
အရေးအရာတွေ ရှုပ်ထွေးကျယ်ပြန့်လှတဲ့ ရွှေပြည်ကြီးမှာ မစိုးရိမ်ဟာ အင်အားစုကြီးတစ်ရပ်ဖြစ်နေခဲ့ပြန်ပါရော။ တကယ်တော့ မစိုးရိမ်ဟာ သာသနာအတွက် ခံတပ်ကြီးသာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်အားနဲ့အောင်မြင်မှုဟာ မုဒိတာပွားတတ်သူအဖို့ လက်ခုပ်တီးဖို့ကောင်းပေမယ့် တစ်ခါတစ်ရံ အတွေးကျဉ်းမြောင်းသူတို့အတွက်တော့ မျက်စိစပါးမွှေးစူးစရာပါ။
ဒို့မစိုးရိမ်တိုက်သစ်နဲ့ပတ်သက်ပြီး ဘေးက ပြောကြတယ်ပေါ့။ တစ်ချို့က ဘွဲတွေနဲ့--- ဆရာတော်ဦးသီရိန်အုပ်စု ဆရာတော်ဦးနာယကအုပ်စု ဆရာတော်ဦးရာဇအုပ်စု အဲဒီလိုသုံးတာလဲရှိတယ်။ တစ်ချိုက အရှေ့အုပ်စု အနောက်အုပ်စု အလယ်အုပ်စုတဲ့ ---။ ဘယ်လိုပဲ အုပ်စုအနေနဲ့ သုံးသပ်သည်ဖြစ်စေ ဒို့ဒီအထဲမှာနေတဲ့ လူကြီးသုံးပါးအပါအ၀င် အားလုံးသောနာယကအဖွဲ့က အုပ်စုသဘောရှိမှ မရှိဘဲ..ညီညီညွတ်ညွတ်သာသနာပြုကြတယ်။ ”

လုံးဝအုပ်စုသဘောမထားဘဲ ညီညီညွတ်ညွတ်သာသနာပြုကြတဲ့အတွက် ဒီတိုက်ကြီးက တိုးတက်လာတာ။ သူတို့ဘေးကပြောသလို အုပ်စုသဘောရှိနေရင် သဘောထားတွေ ကွဲလွဲနေရင် ဘယ်နည်းနဲ့မှ ဒီတိုက်မတိုးတက်ဘူး။ ဘာဖြစ်လို့တုန်း ၊ သဘောထားကွဲတယ်ဆိုတာ ရန်ဖြစ်တာပဲ။ -----အပြင်က အဲဒီအသုံးအနှုံးတွေဟာ မသိလို့သုံးတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် ဘေဒဥပါယ်အနေနဲ့ သုံးတာလည်း ဖြစ်နိုင်တယ်။ ဘေဒဥပါယ်ဆိုတာ တစ်ဦးနဲ့တစ်ဦးမတည့်အောင် ခွဲပစ်တာ.................သူတို့ ရည်ရွယ်ချက်ဘယ်လိုပဲ ရှိရှိပေါ့၊ ---နာယကတွေက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ဒီတိုက်ဟာ ဒီထက်ဒီ တိုးတက်မှာပဲ။”

မစိုးရိမ်ရဲ့ပြတင်းဖွင့်သံများထဲမှာ အလုပ် အလုပ်ဆိုတဲ့အသံတွေသာ မည်ဟည်းနေတတ်ပါတယ်။ ကိုယ့်ဆွမ်းကိုယ်ခံစားပြီး အလုပ်လုပ်တဲ့ဆရာတော်တွေပါပဲ။ မန္တလေးဆိုတာက ဘာမှ လာဘ်လာဘ မျှော်ကိုးစရာရှိတာမှ မဟုတ်လေပဲ။ စာချဆရာတော်ဆိုတဲ့ ပီတိလေးကို ချိုနေကြတာပါ။ပရိယတ္တိသာသနာဆိုတဲ့ အရိပ်အောက်မှာ ရပ်နေရတာကို ကြည်နေကြတာပါ။
လွန်တော်မူသွားပြီဖြစ်တဲ့မစိုးရိမ်တိုက်သစ်ပထမမဟာနာယကဆရာတော်ကြီးအရှင်သီရိန္ဒမဟာထေရ်ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတာဝန်လို ကြီးလေးမြင့်မောက်တဲ့တာဝန်ကြီးကို ထမ်းပြီး နိုင်ငံတော်ရဲ့အဆင့်မြင့်ဆုံးဘွဲ့တံဆိပ်တော်တွေဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတနဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တွေကို ရရှိတော်မူတဲ့ဆရာတော်ကြီးဖြစ်ပေမယ့် သက်တော်ရှစ်ဆယ်လွန်တော်မူခါနီးအထိဆွမ်းခံဝတ်ကို ဖျက်တော် မမူခဲ့ပါဘူး။
သံဃမဟာနာယကတာဝန်ထမ်းဆောင်ဖို့ ရန်ကုန်ကမ္ဘာအေးကုန်းမြေကို ကြွရောက် သီတင်းသုံးပြီး မန္တလေးကို ပြန်ရောက်တာနဲ့ အချိန်မီသေးရင် သပိတ်ကို ပြန်ပိုက်ပြီး ဆွမ်းခံကြွတော်မူလေ့ရှိတာပါ။ အနေအထိုင်လည်း သိုသိပ်တော်မူလွန်းလို့ ဒကာ ဒကာမတွေက နှစ်ရှည်လများဆွမ်းခံကြွနေတဲ့ ဆရာတော်ကြီးကို အလွန်နာမည်ကျော်တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးလို့ မသိကြပါဘူးတဲ့။ ရုပ်မြင်သံကြားမှာ သတင်း စာတွေမှာ ဖူးတွေ့ရပါမှ မနက်တိုင်း သပိတ်ကြီးပိုက်ပိုက်ပြီး အိမ်ရှေ့ကို အရောက်ကြွတော်မူလာတတ်တဲ့ ကိုယ်တော်ကြီးဟာ မစိုးရိမ်ဆရာတော်ကြီးပါလားလို့ ဆရာတော်ကြီးရဲ့ ရိုးဂုဏ်ကို ကြည်ညိုမကုန် အောင်ဖြစ်ကြရတာပါ။ စာသင်သားလောကမှာတော့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးဆွမ်ခံကြွခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောမကုန်တဲ့ချစ်စရာပုံပြင်လေးတွေ ကိုယ်စီရှိနေကြပါတယ်။
ဆွမ်းခံကြွဖို့ အိမ်သီးခြားမရှိတဲ့ကိုရင်ပေါက်စလေးတွေ ရဟန်းငယ်တွေဟာ လမ်းဆုံလေးခွမှာ ရပ်ပြီးလောင်းတဲ့ ဘုံဆွမ်းကို တိုးကြရပါတယ်။ ဘုံဆွမ်းဆိုတာက နေ့စဉ် ဘယ်သံဃာပဲ ကြွကြွလောင်းတာမို့ ဟင်းကောင်းကောင်းလောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံ သဒ္ဓါပေါက်ပြီးလောင်းတဲ့သူပေါ်လာရင်တော့ အဲဒီဆွမ်းလောင်းမှာ သံဃာတွေ တိုးတိုးဝှေ့ဝှေ့ဖြစ်လေ့ရှိပါတယ်။ မန္တလေးသူ မန္တလေးသားတွေတော့ မြင်ယောင်မိကြမှာပါ။
အဲဒီလိုမျိုး ဆွမ်းလောင်းတွေက ဟင်းကောင်းတတ်ပါတယ်။ အဲဒီလိုနေ့မျိုးမှာ အမြဲတမ်းဆွမ်းခံကြွတဲ့ မစိုးရိမ်ဆရာတော်ကြီးကို ကိုရင်လေးတွေက မျက်မှန်းတန်းမိပြီး ရင်းနှီးနေလေတော့ “ ဦးဇင်းကြီး ဦးဇင်းကြီး ဟိုနားမှာ ၀က်သားလောင်းနေတယ်” ဆိုပြီး သင်္ကန်းစအတင်းဆွဲပြီးခေါ်ကြတော့တာပါတဲ့။ ဆရာတော်ကြီးကို သူတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးလို့ သိမှ မသိရှာကြလေပဲ။ ဆွမ်းဟင်းသက်သက်တွက်မဟုတ်ဘဲ ရှေးရှေးဘုရား ရဟန္တာအရိယာအရှင်မြတ်တွေကျင့်မြဲ ဆွမ်းခံဝတ်ကို ကျင့်သုံးတော်မူတဲ့ ဆရာတော်ကြီးလို့မသိရှာကြလေပဲ။ ဆရာတော်ကြီးက သည်းခံတော်မူကာ သူတို့ဆွဲခေါ်ရာနောက်ကို လိုက်ပါလေ့ရှိပါသတဲ့။
ဒါပေမယ့် ဆရာတော်ကြီးဟာ သာသနာတော်အရေးအရာနဲ့ပတ်သက်လာရင်တော့ ဘယ်သူ့မျက်နှာမှ ထောက်ထားလေ့မရှိခဲ့ပါဘူး။ ဆရာတော်ကြီးရဲ့ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ရွှေစင်အစစ်ဖြစ်ကြောင်း မှတ်ကျောက်တွေ ရှိခဲ့ပါတယ်။ သံဃမဟာနာယကတာဝန်တွေ မအားလပ်တဲ့ကြားက စာပေပို့ချမှုကိုလည်း လွန်တော်မူခါနီးကာလထိ မပျက်ကွက်ခဲ့ပါဘူး။ ဆရာတော်ကြီးဟာ အလွန်ခံရခက်တဲ့အူမကြီးကင်ဆာရောဂါကို သမာဓိမပျက်ရင်ဆိုင်နိုင်ခဲ့တာကိုလည်း ကုသပေးတဲ့ ဆရာဝန်ကြီးများက အံသြကြည်ညိုခဲ့ကြပါသတဲ့။
သူကိုယ်တိုင်လည်း ဆရာတော်ကြီးလွန်တော်မမူမီ တစ်လလောက်အလိုမှာ ရန်ကုန် ဂျပန်ဆေးရုံကြီးမှာ နောက်ဆုံးဖူးခြင်းနဲ့ ဖူမျှော်ခွင့်ရခဲ့ပါတယ်။ သက်တော်ရှစ်ဆယ်အရွယ်တော်နဲ့မလိုက်အောင် ၊ ခံစားနေရတဲ့ ရောဂါဝေဒနာနဲ့ ကင်းကွာနေသယောင် အေးမြတည်ကြည်နေတဲ့မျက်နှာတော်ကို ဖူးခွင့်ရလိုက်တာပါ။ သတင်းစာတစ်စောင်ကို ဖတ်နေတဲ့ကြားက ဆရာတော်ကြီးရဲ့ ထုံးစံအတိုင်း တပ်ထားတဲ့မျက်မှန်ကို ကျော်ကြည့်ပြီး ဂါရ၀ပြုမှုကို အသိအမှတ်ပြုတော်မူခဲ့ပါတယ်။ နောက်တစ်လအကြာ စင်ကာပူနိုင်ငံက ဆေးဝါးကုသအပြီးအပြန်မှာ လွန်တော်မူခဲ့ပါတယ်။ ဆုံးရှုံးလေစွ ။
မစိုးရိမ်တိုက်သစ်ဆိုတာက အဲဒီလို ကိုယ့်ဆွမ်းကိုယ်ခံစားပြီး ကိုယ့်သမာဓိနဲ့ကိုယ် သာသနာကိုသာ အာရုံစိုက်တော်မူတဲ့ ဆရာတော်ကြီးက ဦးဆောင်ခဲ့တာဆိုတော့ တိုးတက်ရပြီပေါ့။ ဒီအပင်စိုက်မှတော့ ဒီအသီးသီးပြီပေါ့။ အဲဒီအသီးက ချိုလည်း ချိုပါတယ်။ချွင်းချက်တော့ ရှိသပေါ့။ ဆရာတော်အရှင်နာယကကတော့ ကျန်းမာရေးအရ ဆွမ်းခံမကြွပါဘူး။ ဆရာတော်အရှင်ရာဇဓမ္မကတော့ ဆရာတော်ကြီး ဦးသီရိန်နဲ့ စာချုပ်ရှိလို့ ဆွမ်းခံမကြွတာလို့ စာသင်သားတွေ လက်ဆင့်ကမ်းကာ မြတ်မြတ်နိုးနိုး ပြောလေ့ရှိပါတယ်။
မစိုးရိမ်တိုက်သစ် တိုးတက်တာက ၀ါဒဖြန့်ကောင်းလို့မဟုတ်ဘူး၊ ဟုတ်လား၊ အလုပ်လုပ်လို့။ ၀ါဒဖြန့်ကောင်းလို့တိုးတက်တယ်ဆိုတဲ့တိုက်ကတော့ ၀ါဒဖြန့်နိုင်တုန်း၊ ၀ါဒဖြန့်တာကို ဒကာ ဒကာမတွေက ယုံကြည်တုန်း ....အဲဒီအချိန်မှာပဲ တိုးတက်မှာ။ ၀ါဒမဖြန့်နိုင်တော့ဘူး၊ ၀ါဒဖြန့်တာကို ဒကာဒကာမတွေက ၀ါဒဖြန့်တာပါလို့ အသိဉာဏ်ဝင်သွားပြီဆိုရင် အဲဒီတိုက်ဟာ ကျဆုံးသွားတာ။

အလုပ်လုပ်လို့တိုးတက်ဆိုတာကတော့ အလုပ်လုပ်နေသေးရင် အမြဲတမ်းတိုးတက်မှာ ။ဒို့တိုက်က ၀ါဒဖြန့်စရာမလိုဘူး။ နောက်နှစ် နှစ်ငါးဆယ်ပြည့်မယ်။------------ဘယ်စာရေးဆရာဆီကမှ ဆောင်းပါးမတောင်းဘူး။ ကိုယ့်ဟာကိုယ် မစိုးရိမ်တိုက်သစ်အကြောင်း စာအုပ်လေးထုတ်မယ်။ ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိပြန်ထုတ်မယ်၊ အဲဒီလောက်ပဲ လုပ်မှာ ကြီးကြီးကျယ်ကျယ်လဲ မလုပ်ဘူး။ ဘယ်သူ့ဆီကမှလဲ အလှူမခံဘူး။ မကောင်းဘူးလား။
စာသင်သားတွေ မင်းတို့------နောက်နှစ် နှစ်ငါးဆယ်ပြည့်ကဆုန်လပြည့်နေ့လုပ်မယ် ၊ နှစ်ငါးဆယ်ပြည့် ဘုန်းကြီးဦးသီရိန် တစ်နှစ်ပြည့် ----ကိုယ့်စားရိတ်နဲ့ကိုယ်လာ၊ ကိုယ့်ဆွမ်းကိုယ်စား ၊အခမ်းအနားတက် ၊မကောင်းဘူးလား၊ ရှင်းသလား မရှင်းဘူးလား ------အခမ်းအနားကည ညပဲလုပ်မှာ တရားပွဲနဲ့ ဟောပြောပွဲလေးဒါပဲ လုပ်မယ် ။”
(၁၃၆၄-၅ ခုနှစ် မဟာနာယကဆရာတော် ဦးနာယကာဘိဝံသ အထိမ်းအမှတ်ပွဲများတွင် ပေးသောသြ၀ါဒ)

08 December, 2009

မစိုးရိမ်အလွမ်း(၄)

မစိုးရိမ်တိုက်သစ်ဆိုတာက မစိုးရိမ်ကျောင်းတိုက်(ဟောင်း)ကြီးကိုတည်ထောင်ပြီး အဲဒီရွှေရောင်တ၀င်းဝင်း ကျောင်းတော်ကြီးအတွင်းမှာပဲ နှစ်ပေါင်းများစွာ စာပေပရိယတ်ကို ကမ္ဘာနဲ့ချီအောင် လင်းစေနိုင်ခဲ့တဲ့ အဂ္ဂါဘိဓဇမစိုးရိမ်ဆရာတော်ကြီး ဦးသူရိယအတွက် အေးအေးလူလူသီတင်းသုံးဖို့ရည်ရွယ်ဖြစ်တည်လာတဲ့ ကျောင်းတိုက်ပါပဲ။ (မစိုးရိမ်ကျောင်းတိုက်ကြီးနဲ့ပတ်သက်ပြီး “ယခင်စာသင်တိုက် ယခုတက္ကသိုလ်” မှာ တို့ထိရေးသားခဲ့ပြီး။)

ဆဋ္ဌသံဂါယနာကို ဦးဆောင်ပြီး အထက်တန်းသာသနာ့တာဝန်တွေကို ရွံ့ရွံချွန်ချွန်ထမ်းဆောင်ခဲ့တဲ့ မစိုးရိမ်ဆရာ တော်ဘုရားကြီးဟာ ဘုန်းကံလည်း ကြီးမားတော်မူလေတော့ အေးအေးလူလူနေဖို့ ရည်ရွယ်ထားတဲ့ မစိုးရိမ်ကျောင်းအသစ်ရဲ့ ပရိဝုဏ်ထဲမှာ ကျောင်းဒကာကျောင်းဒကာမတွေက နေ့ချင်းညချင်း ကျောင်းတွေ ဆောက်လုပ်လှူဒါန်းကြပါတော့တယ်။

ဒီနေရာမှာ မစိုးရိမ်တိုက်သစ်ရဲ့ ပထမဆုံးကျောင်းဒကာဦးတောနဲ့ ကျောင်းဒကာမဒေါ်နိုင်တို့ရဲ့အကြောင်း ကလည်းစိတ်ဝင်စားစရာပါ။ မစိုးရိမ်ဆရာတော်ဘုရားကြီးဟာ မစိုးရိမ်ကျောင်းတိုက်ကြီးမှာ စာပေပို့ချနေ ပေမယ့် ရံဖန်ရံခါဆိုသလို စစ်ကိုင်းတောင်က နံ့သာချောင်မှာ တောရိပ်တောင်ရိပ်ခိုလေ့ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တဲ့အခါမှာတော့ မန္တလေးမှာ နေထိုင်သီတင်းသုံးလို့မဖြစ်တော့တာမို့ စစ်ကိုင်း တောင်ရိုးက အဲဒီနံ့သာချောင်မှာပဲ စစ်ဘေးခိုရင်း သုံးနှစ်တာ သီတင်းသုံးတော်မူခဲ့ရပါတယ်။

သစ်ဆိမ့်ချောင်မှာ စစ်ဘေးခိုနေတဲ့ ဦးတော+ဒေါ်နိုင်တို့ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီးကို ဆည်းကပ်ခွင့်ရခဲ့ကြတာပါ။ ဆရာတော်ကြီးရဲ့ ဆွမ်းကွမ်းဝေယျာဝစ္စကို နေ့စဉ်အနီးကပ် ဆောင်ရွက်ခွင့် ရခဲ့ကြတာမို့ ဆရာတော်ကြီးရဲ့ သိက္ခာသုံးပါးအရိပ်က ကျောင်းဒကာကျောင်းဒကာမလောင်းတွေရဲ့ နှလုံးသား ပေါ်မှာ အေးမြစွာ ထိုးကျခဲ့တာပါ။ မစိုးရိမ်ဆရာတော်ကြီးဆိုတာက ပွင့်ပွင့်လင်းမိန့်တော်မူတတ်သလို ရိုးရှင်းစွာလည်း နေတော်မူတတ်တာကိုး။

သက်တော်(၉၆)နှစ်မွေးနေ့တော်မှာ “ ငါတော့ အသက်ကိုးဆယ့်ခြောက်နှစ်ရှိပြီ၊ ဘာတရားထူးမှ မရသေးဘူးဗျား” လို့ ရိုးရိုးကြီးမိန့်တော်မူတာကို လူပျံတော်ပတ္တမြားဦးမောင်မောင်က ဒီလိုလျှောက်ထားခဲ့ပါတယ်။” ဆရာတော် ဘာတရားထူးမှ မရပေမယ့် ပုထုဇဉ်ရဟန်းတစ်ပါးအနေနဲ့ အနီးကပ်အကိုးအကွယ်ခံနိုင်တဲ့ဆရာတော်ပါဘုရား” တဲ့။ သြော် အံသြဖွယ်ရှိပေစွ..။

ဒုတိယကမ္ဘာစစ်ကြီးပြီးတာနဲ့ မစိုးရိမ်ဆရာတော်ကြီးကလည်း ကျောင်းတိုက်ကြီးမှာ ပြန်လည်သီတင်းသုံးကာ စာပေပို့ချမပျက်ရှိတော်မူခဲ့သလို ဦးတော+ ဒေါ်နိုင်ဇနီးမောင်နှံတို့ကလည်း ဂေါဝိန်ဆိပ်ကမ်းမှာ ဆန်ဆိုင်လေးဖွင့်ကာ စီးပွားရှာခဲ့ရာမှ (၇) နှစ်(၈) နှစ်ခန့်အတွင်းမှာပဲ မန္တလေးမြို့ ဆန်ကုန်သည်လောကမှာ ထင်ရှားလောက်အောင် စီးပွားဖြစ်ခဲ့ကြပါတယ်။

စီးပွားဖြစ်ထွန်းလာတဲ့အခါ သူတို့ဇနီးမောင်နှံရဲ့ ပထမဆုံးစိတ်ကူးက မစိုးရိမ်ဆရာတော်ဘုရားကြီးကို ကျောင်းဆောက်လှူဒါန်းဖို့ပါပဲ။ ခက်တာက မစိုးရိမ်ကျောင်းတိုက်ကြီးမှာ ကျောင်းဆောက်ကိုးကွယ်စရာမြေကွက်လပ်မကျန်တော့ပါဘူး။ ပြီးတော့ မစိုးရိမ်ကျောင်းဒကာမိသားစုကလည်း မစိုးရိမ်ကျောင်းတိုက်ကြီးကို တစ်ဦးတည်းမူပိုင်ဆောက်လုပ်ပြီး ကျောင်းရှိသံဃာတွေကိုလည်း ပစ္စည်းလေးပါးနဲ့ မညှိုးငယ်ရအောင် စိတ်ကြိုက် ထောက်ပံ့ လှူချင်ကြတာ ကလား။ အဲဒီတော့ မစိုးရိမ်ဆရာတော်ကြီးက ကျောင်းသစ်ကန်သစ်အတွက် နေရာပရိဝုဏ်အသစ်ကို ရှာဖွေပေးခဲ့ပါတယ် ။

မစိုးရိမ်ဆရာတော်ကြီးကို ယုံကြည်ကိုးစားတော်မူတဲ့ လားရှိုးဆရာတော်ဦးကေသရက သူပိုင်ဆိုင်တဲ့ ဒိုင်ဝန်ကျောင်းမြေကွက်ကို ကန့်သတ်ပြီး ယခုမစိုးရိမ်တိုက်သစ်နေရာအကွက်ကြီးကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနေရာအသစ်မှာ ဦးတော+ဒေါ်နိုင်မိသားစုတို့က ဓမ္မဒါယာဒကျောင်းဆောင်သစ်ကို စတင်ဆောက်လုပ်လှူဒါန်းခဲ့ရာက မစိုးရိမ်တိုက်သစ်ရဲ့ နိဒါန်းပွင့်ခဲ့တော့တာပါ။ ကျောင်းဒကာမိသားစုတို့က ကျောင်းအရင်ဆောက်လုပ်ပြီးမှ နေဖို့အိမ်ဆောက်ကြပါသတဲ့။ တိုက်အိမ်သစ်တက်မင်္ဂလာကျင်းပတဲ့နေ့မှာပဲ အဲဒီတိုက်နဲ့အတူ ခြံမြေကိုပါ မစိုးရိမ်တိုက်သစ်သံဃိကအဖြစ် ရေစက်ချလှူဒါန်းခဲ့ကြပြန်ပါသတဲ့။

အဲဒီလို ဦးတော+ဒေါ်နိုင်တို့ကို အတုလိုက်ပြီး အိမ်ကို ကျောင်အမှတ်နဲ့ လှူသူတွေများစွာရှိပါတယ်။ ဒါပေမယ့် မစိုးရိမ်ဆရာတော်ကြီးက တစ်သက်နေဆိုပြီး ပြန်လည်စွန့်ခဲ့တာချည်းပါပဲ။

ဦးတော+ဒေါ်နိုင်တို့အုတ်မြစ်ချလိုက်တဲ့ မစိုးရိမ်တိုက်သစ်ရဲ့ ပရိဝုဏ်ထဲမှာ ကျောင်းဒကာဒကာမတွေက ကျောင်းတွေ အဆက်မပြတ်ဆောက်လုပ်လှူဒါန်းကြတော့တာပါ။ ဓမ္မကို အထွတ်တင်တဲ့ကျောင်းတွေ အစီအရီပေါ်လာပါတော့တယ်။

ဓမ္မဒါယာဒ( ၁၃၁၆)

ဓမ္မကာမ( ၁၃၁၇)

ဓမ္မဒီပ (၁၃၁၈)

ဓမ္မသုခ(၁၃၁၈)

ဓမ္မာဘိမတသာသနသောဘိဏီသိမ်တော်(၁၃၂၀)

ဓမ္မ၀ိနယရံသီ(၁၃၂၇) စသည် စည်ပင်ထွန်းကားလာခဲ့ပါတယ်။

မစိုးရိမ်ရဲ့လှပတဲ့အစဉ်အလာထဲမှာ ကျောင်းအမည်ပေးတာလည်း တစ်ခုအပါအ၀င်ဖြစ်ပါလိမ့်မယ်။ မစိုးရိမ်ကျောင်းတိုက်(ဟောင်း)မှာ ရှိတဲ့ကျောင်းဆောင်တွေရဲ့နာမည်တွေမှာ နယူပဒေသဆိုတဲ့စကားလုံးလေးတွေကို နောက်ဆက်တွဲထည့်လေ့ရှိပါတယ်။ ပါဠိနယူပဒေသ၊ သာသနနယူပဒေသ၊ပိဋကနယူပဒေသဆိုတာမျိုးပေါ့။ နယူပဒေသဆိုတာ နည်းဥပဒေပေါ့လေ။ ပိဋကတ်ဆိုင်ရာနည်းဥပဒေတွေ သင်ကြားပို့ချပေးရာကျောင်းတော်လို့ ဆိုချင်တာပါ။ မစိုးရိမ်တိုက်သစ်မှာ ရှိတဲ့ကျောင်းတွေကို နာမည်ပေးတဲ့အခါမှာတော့ ဓမ္မကို ရှေ့တင်လိုက်ပါတယ်။

မစိုးရိမ်တိုက်သစ်မြေနေရာက အကွက်အကွင်းအလွန်ကျပါတယ်။ တိုက်သစ်ရဲ့ တောင်ဘက်မျက်နှာစာမှာ ဒိုင်ဝန်ကွင်းကျောင်းကြီးကို ရှည်မျောမျောမြွေကြီးတစ်ကောင်ပတ်ခွေထားသလိုပါပဲ။ တိုက်သစ်ကိုတော့ သင်္ဂဇာချောင်းက ပတ်ခွေထားပြန်ပါတယ်။ ကျောင်းတိုက်ကြီးအတွင်းမှာ မင်းလမ်းမကြီးက တစ်ခုတည်းပဲ ရှိပါတယ်။ မင်းလမ်းမကြီးရဲ့ လက်ဝဲလက်ျာမှာ ကျောင်းဆောင်တွေ စီစီရီရီခမ်းနားစွာ တည်ဆောက်ထားလေရဲ့။

သူ မစိုးရိမ်တိုက်သစ်ကို ရောက်တဲ့အချိန်မှာတော့ ကျောင်းတိုက်ကြီးအတွင်း ဓမ္မရှေ့သွားကျောင်းဆောင်သစ်တွေနဲ့ ဝေဆာနေခဲ့ပါပြီ။ ကျောင်းတိုက်ကြီးရဲ့ အလယ် လမ်းမကြီးရဲ့ လက်ျာဘက်မှာ လန်ဒန်မြို့တော်က ဘစ်ဘင်းနာရီ စင်ကြီးရဲ့ပုံတူ နာရီစင်ကြီးကို တွေ့လိုက်ရတာနဲ့ပဲ ရင်သပ်ရှုမောဖြစ်သွားရတာပါ။

(အပေါ်မှာဖော်ပြထားတဲ့နာရီစင်က မစိုးရိ့မ်ကျောင်းတိုက်ဟောင်းက နာရီစင်အိုကြီးပါ) တစ်ခါတုန်းက အင်္ဂလန်နိုင်ငံသား တစ်ယောက်နဲ့ စကားပြောဖြစ်တော့ မစိုးရိမ်ကနာရီစင်အကြောင်းပြောပြတဲ့အခါ သူ့မိတ်ဆွေက ပြုံးပါတယ်။ ကိုယ့်အထွာနဲ့ကိုယ်တော့ ကြီးကျယ်တာပါပဲ။ မြန်မာနိုင်ငံမှာတော့ သူတွေ့ဖူးသမျှနာရီစင်တွေထက် မစိုးရိမ်တိုက်သစ် နာရီစင်က ခန့်ခန့်ထည်ထည်ရှိပါတယ်။ ထားပါ။

မစိုးရိမ်တိုက်သစ်က စကတည်းကိုက လှတာပါ။ နေရာလှသလို လုပ်ငန်းအစပျိုးတာလည်း လှပါတယ်။ မစိုးရိမ်ဆရာ တော်ဘုရားကြီးက မစိုးရိမ်ကျောင်းတိုက်ကြီးထဲက အသစ်လွင်ဆုံး အတက်ကြွဆုံး မျိုးဆက် သစ်စာချရဟန်းတော် သုံးပါး ကို ရွေးချယ်ပြီးစာသင်တိုက်တစ်ခုတည်ထောင်ဖို့တာဝန်ပေးအပ်တော်မူခဲ့ပါတယ်။ အရှင်သီရိန္ဒ၊ အရှင်နာယကနဲ့ အရှင်ရာဇဓမ္မဆိုတဲ့ ရဟန်းပျိုသုံးပါးပါ။ သကျသီဟဓမ္မာစရိယအောင်မြင်ပြီးစ အနာဂတ်သာသနာအမြင်သစ်တွေနဲ့ ကြီးကြီးကျယ်ကျယ်စီမံကိန်းတွေကို အိပ်မက်မက်လို့ ကောင်းတဲ့အရွယ်မှာ တကယ့်လုပ်ငန်းခွင်ထဲကို ဆရာတော်ဘုရားကြီးက အမျှော်အမြင်ကြီးစွာ ဆွဲခေါ်နေရာပေးလိုက်တာပါ၊ ဒီလိုလေးလည်း မှာတော်မူပါသေးသတဲ့၊

“မဖြစ်ဘူးဆိုတဲ့စကားငါ့မပြောရ၊ ဦးဇင်းတို့ သုံးပါး သာသနာကြီးပွားအောင်လုပ်ကြ၊ ငါကိုယ်တိုင်အားပေးနေသည်၊ ငါတို့လုပ်ခဲ့တုန်းက အားပေးသူမရှိခဲ့ဘူး ။” တဲ့။ ပြီးတော့လည်း “ ကိုယ့်ကိုယ်ကို သိလှပြီ တတ်လှပြီဟု ဘယ်ခါမှ မထင်လေနဲ့ လက်ျာတော်ရံအရှင်သာရိပုတ္တရာကိုယ်တော်ကြီးသော်မှ နိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ်ကို ဗြဟ္မာ့ပြည်ရောက် ကြောင်းတရားဟောမှား၍ ဘုရားရှင်ပြင်ဆင်ဟောရသေးသည် ” လို့ ဆက်ပြီး ဆရာအသစ်တွေကို တပ်ထွက်မိန့်ခွန်းတိုတိုမိန့်ခဲ့ပါသေးသတဲ့။

ဆရာတော်ကြီးအတွက် အေးအေး လူလူ ငြိမ်းငြိမ်းချမ်းချမ်းသီတင်းသုံးဖို့ ဆောက်လှူထားတဲ့ကျောင်းဆောင်တွေကို ပရိယတ်သာသနာ အတွက် ငဲ့ကွက်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီးက မျိုးဆက်သစ်အားကို အထူးယုံကြည် တော်မူခဲ့သလို နေရာပေးတတ်ခြင်းဆိုတဲ့ သမာနတ္တတာကျင့်ဝတ်ကိုလည်း ဖြည့်ဆည်းတော်မူ လေ့ရှိပါတယ်။ ဒါကြောင့်လည်း မစိုးရိမ်တိုက်ကြီးတွေ ဒီနေ့တိုင်အောင်မြင်နေခြင်းပဲဖြစ်ပါတယ်။

စာသင်သားသံဃာ နှစ်ရာလောက်သာမျှော်မှန်းတာဝန်ပေးခဲ့တဲ့ဆရာတော်ဘုရားကြီးသာ စာချစာသင်သံဃာတော် သုံးထောင်ဝန်းကျင်လောက်နဲ့ စည်ပင်နေတဲ့မစိုးရိမ်တိုက်သစ်သာသနာကိုသာ တွေ့ရမယ်ဆိုရင် အနှိုင်းမဲ့ပီတိနဲ့ အကြိမ်ကြိမ်သာဓုခေါ်တော်မူမှာပါပဲ။ နေရာပေးတတ်တော့လည်း နေရာကို သေသေချာချာကြီးကို ယူခဲ့ကြတာကလား။

မစိုးရိမ်ဆရာတော်ကြီးက သူကိုယ်တိုင် သကျသီဟအသင်းကြီးက ကျင်းပပြုလုပ်တဲ့ဓမ္မာစရိယစာမေးပွဲကို အောင်မြင်တဲ့ စာချဆရာတော်တစ်ပါးဖြစ်လေတော့ မစိုးရိမ်ကျောင်းတိုက်မှာ ပညာသင်ယူခဲ့ပြီး သကျသီဟဓမ္မာစရိယဖြစ်လာတဲ့ ရဟန်းတော်မှန်သမျှကို စာချအဖြစ်သာမက နာယက(ပါမောက္ခ)အဖြစ်ပါခန့်အပ်ပြီး ကျောင်းဆောင်တစ်ခုရဲ့ ကျောင်းထိုင်တင်မြှောက်လေ့ရှိပါတယ်။

အသက်သိက္ခာတို့ လုပ်သက်တို့ မလိုအပ်ပါဘူး။ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကိုသာ ရှုမြင်တော်မူလေ့ရှိတာပါ။ သက်တော်ငယ်ငယ်နဲ့ သကျဓမ္မာစရိယကိုယ်တော်လေးတွေ မစိုးရိမ်မှာ နာယကအဖြစ်တာဝန်ထမ်းဆောင်နေကြတာ အားတက်စရာပါပဲ။ တိုးတက်အောင်မြင်နေတဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတွေ အဖွဲ့အစည်းကြီးတွေ ကျင့်သုံးနေတဲ့ ဥပဒေသကို ဆရာတော်ကြီးက ကျင့်သုံးပြီးသားဖြစ်နေခဲ့တာပါ။ ဘုရားရှင်ရဲ့ သမာနတ္တတာလမ်းစဉ်က ခေတ်အဆက်ဆက်အသုံးတည့်နေမှာပါပဲ။ ဆွေမျိုးသံယောဇဉ်နဲ့ မစိုးရိမ်မှာကျောင်းထိုင်နာယကဖြစ်ဖို့တော့ မဖြစ်နိုင်ပါဘူး။

အဲဒါနဲ့ပတ်သက်ပြီး ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့ ဇာတိရွာ မတ္တရာမြို့နယ်၊ပေါက်ဝဲရွာက သကျသီဟဓမ္မာစရိယအောင်မြင်တဲ့ ရဟန်းတော်အရှင်ကောဏ္ဍညရဲ့ ဂုဏ်ပြုပွဲမှာ ဆရာတော်အရှင်ရာဇဓမ္မက ကျေးဇူးရှင်ဆရာတော်ဘုရားကြီးနဲ့ပတ်သက်ပြီး ခုလို မှတ်မှတ်ရရပြောခဲ့ပါတယ်။

“ဒီသကျသီဟစာမေးပွဲဟာ ၁၂၆၅ ခုနှစ်က စတင်ကျင်းပခဲ့တယ်။-------အဲဒီစတင်ကျင်းပတဲ့နှစ်မှာပဲ ဟောဒီပေါက်ဝဲရွာ ဇာတိ ဒို့ရဲ့ဆရာတော်ဘုရားကြီး ဦးသူရိယ အောင်မြင်ခဲ့တယ်။ ဒါက စာသင်တန်း၊ နောက် ---၁၂၆၉ ခုနှစ်မှညာ သကျသီဟစာချတန်းကို အောင်မြင်ခဲ့တယ်။(မှတ်ချက် သကျသီဟစာမေးပွဲတွင် စာသင်တန်းနှင့် စာချတန်းဟုနှစ် တန်းရှိသည်) ---မင်းတို့ဆရာတော်ကြီး ဘယ်လောက်နာမည်ကြီးလဲဆိုတော့ ဘယ်လ်ဂျီယန်နိုင်ငံမှာ ထုတ်ဝေတဲ့ Who is who in the world လို့ခေါ်တဲ့ ကမ္ဘာမှာနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေ ဘယ်သူလဲဆိုတဲ့ စာအုပ်ထဲမှာ ဒို့ဗမာနိုင်ငံက ဟောဒီပေါက်ဝဲဇာတိဖြစ်တဲ့ ဆရာတော်ကြီးတစ်ပါးတည်း ပါတယ်။ အဲသလောက်နာမည်ကျော်တဲ့ဆရာတော်ကြီး---။

ပေါက်ဝဲရွာဇာတိဖြစ်တဲ့ ဆရာတော်ဘုရားကြီးက သူအသက်ထင်ရှားရှိတုန်းက သူ့ပေါက်ဝဲတို့ သမင်ခြံတို့က ဦးဇင်းလေးတွေကို သကျသီဟအောင်စေချင်တယ်----ဘာဖြစ်လို့လဲ ဒို့မစိုးရိမ်တိုက်သစ်တို့-- တိုက်ဟောင်းတို့ဆိုတာ သကျသီဟအောင်မှ နာယကအဖြစ်အသိအမှတ်ပြုတယ်၊ကျောင်းအပ်တယ်၊ ------ဒါပေမယ့် တစ်ပါးမှ မအောင်ဘူး၊

လူဆိုတာ ပုထုဇဉ်ဖြစ်တော့ ဒေသစွဲက ရှိတယ်ကွ။ တိုက်တာမှာ စည်းကမ်းလုပ်ထားတော့ ---- သကျသီဟမအောင်တော့ ကျောင်းအပ်လို့လည်း မရဘူး။ အောင်မယ့်အောင်တော့ ဆရာတော်ကြီးရဲ့ သက်တော် (၁၂၀) တိတိပြည့်တဲ့နှစ်(၁၃၆၁) ခုနှစ်ကျမှ မောင်ကောဏ္ဍည မင်းတို့ပေါက်ဝဲရွာဇာတိ ဦးဇင်းတစ်ပါးက သကျသီဟအောင်မြင်လာတယ်။ ဒီတော့ ဒို့ကလဲပဲ ဆရာတော်ကြီးနည်းအတိုင်းပဲ ဒီနှစ်ဝါဆိုလမှာပဲ သူ့ကို ကျောင်းအပ်လိုက်တယ်။”

သြော် မှတ်ဖွယ်မှတ်ရာပါတကား။

တစ်မျိုးသားလုံး တစ်သာသနာလုံးကျင့်သုံးထိုက်သောစံနမူနာပါတကား။

အရည်အချင်းတွေ မွေးမြူကြ၊

စွမ်းဆောင်ရည် တွေ ထက်အောင် သွေးကြ၊

ထိုက်သူ ယူစေ စနစ်ကို ကျင့်သုံးကြပေါ့လေ။

သာဓု သာဓု သာဓု အကြိမ်မီလျံ။

07 December, 2009

မစိုးရိမ်အလွမ်း(၃)

တကယ်တော့ သူက မစိုးရိမ်တိုက်သစ်တံခါးဝကြီးကို သုံးကြိမ်တိတိ ၀င်လိုက်ထွက်လိုက် လုပ်ခဲ့တာပါ။ ၁၉၈၈။ ၁၉၉၀။ ၁၉၉၃။ ခုနှစ်တွေမှာပါ။ ဘယ်အကြိမ်ကြိမ်ပဲဖြစ်ဖြစ် ဆရာတော်အရှင်ရာဇဓမ္မရဲ့ ပုံရိပ်က မပြောင်းလဲ ခဲ့ပါဘူး။ စာအုပ်ထူထူကြီးတွေထမ်းလို့..၊ ကျွဲကော်မျက်မှန်ထူထူကြီးတပ်လို့…၊ တစ်ဝက်တစ်ပျက်ဖွင့်ထားတဲ့ ပုသိမ်းထီးကို ဆောင်းလို့ ပါပဲ။ရာသီအကန့်တွေသာ ပြောင်းမယ် ။ ဆရာတော်ကတော့ မစိုးရိမ်တိုက်သစ်ရဲ့ မင်းလမ်းမကြီးအတိုင်း အမြဲသီတင်းသုံးရာ ဓမ္မဒါယာဒကျောင်းဆောင်ကနေ နေ့သန့်စင်ရာ ဓမ္မသီတဂူကျောင်းဆောင်ဆီကို နေ့စဉ်မပျက် လျှောက်လာတတ်တာပါ။

ပထမတစ်ခေါက်တွေကတော့ ဆရာတော်ကြီးထမ်းလာတတ်တဲ့ စာအုပ်ကြီးတွေက အလှမ်းဝေးလွန်းလှပါတယ်။ ဆရာတော်ကြီးက သူထမ်းလာတဲ့ စာအုပ်ထူထူကြီးတွေကို ဓမ္မသီတဂူအဆောင်အလယ်ထပ်က စာကြည့်စားပွဲမှာ ထိုင်ပြီး ဖတ်လေ့ရှိပါတယ် ။

နောက်ဆုံးအခေါက်ဝင်ဖြစ်တဲ့နှစ်မှာတော့ ဆရာတော်ကြီးဖတ်နေတဲ့ စာအုပ်ထူထူကြီတွေရဲ့ ခေါင်းစဉ်လောက်ကိုတော့ သူက စောကြောမိပါပြီ။ ချိန်းဘားအင်္ဂလိမ်အဘိဓာန်စာအုပ်ကြီးနဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး မစ္စတာနေရူးရဲ့ ကမ္ဘာ့သမိုင်းစောင်းငဲ့ကြည့်ခြင်းဆိုတဲ့ စာအုပ်ထူထူကြီးနှစ်အုပ်ကိုတော့ မှတ်မှတ်ရရရှိနေခဲ့တာပါ။

သူကိုယ်တိုင်လည်း အဲဒီနှစ်တွေမှာ စာကြမ်းပိုး(ဂျပိုး)လိုလို ဂိုက်ဖမ်းပြီး အင်္ဂလိပ်စာကိုလည်း ထော့နဲ့ထော့နဲ့ လေ့လာတဲ့အပိုင်းကို ရောက်နေခဲ့ပါပြီ။ ဂရမ်မာစာအုပ်တွေ ကောင်းတယ်ဆိုသမျှ ၀ယ်ဖတ် သင်တန်းတွေ ကောင်းတယ်ဆိုသမျှ ၀င်တက်လုပ်နေခဲ့တာပါ။ မြတောင်ကျောင်းက ဘုန်းတော်ကြီးထံမှာ နှစ်ရက်ခန့်၊ ငွေတောင် တိုက်က ဘုန်းကြီးအိုကြီးဆီမှာ တစ်ပတ်ခန့်။ ၃၅ အေလမ်းပေါ်က ဖားသားလဖုန်းကျောင်းက ခရစ်ယန် ဘုန်းတော်ကြီးထံမှာ တစ်လခန့် စသည်စသည်..။

သင်တန်းတွေကို သူက အကြာကြီးမတက်ဖြစ်ခဲ့တာက ရွာဦးဘုန်းတော်ကြိးသင်ပေးလိုက်တဲ့ အင်္ဂလိပ်စာဓါတ်ခံလေးကို အားပြုပြီး အခြေခံအင်္ဂလိပ်စာအုပ်လေးများကို အကူမပါပဲ ဖတ်နိုင်ခဲ့တာကြောင့်ပါ။ တက်မိတဲ့ သင်တန်းတွေကလည်း အင်္ဂလိပ်စာအခြေခံအားနည်းကြတဲ့ သာသနာ့ဝန်းထမ်းအများစုအတွက် ရည်ရွယ်တာဖြစ်လေတော့ အခြေခံကို ကျော်ခွချင်တဲ့ သူ့အတွက် ဖားသားလဖုန်းကျောင်းက ဘုန်းတော်ကြီးရဲ့ သင်ပြမှုကတော့ အဆင်ပြေခဲ့ပါသေးတယ်။ ဒါပေမယ့် သာသနာ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းမှာ သူ့အမည်ပါလာလေတော့ နန်းတော်ရှေ့ ဇာတ်လမ်းဇာတ်ကွက်တွေဆီ ပညာသင်နှစ်အသစ်တွေဆီ ဆက်လက်ခုတ်မောင်းခွင့်ရခဲ့ပြီးနောက်ပိုင်း ခရစ်ယန် ဘုန်းတော်ကြီးရဲ့ စေတနာစာသင်ခန်းလေးနဲ့ ဝေးခဲ့ရတော့တာပါ။ ကျေးဇူးတင်ပါတယ် ဖာသာ။

ဘာသန္တရ(နိုင်ငံခြားဘာသာစကား) ကို အရူးအမူးဖြစ်စွာ.. စာပေမှန်သမျှ အထူးအားဖြင့် မော်ဒန်စာပေလှုပ်ရှားမှုမှန်သမျှ စောင့်ကြည့်ကာ ဓမ္မသီတဂူကျောင်းရှေ့က ပိတောက်ပင်လေးအောက်မှာ ကဗျာတွေအကြောင်းပြောဖြစ်ခဲ့ဖူးပါတယ်။ တကယ်တော့ သူနဲ့ စာပေအကြောင်း စာအုပ်တွေအကြောင်း ကြုံတိုင်းပြောဖြစ်ခဲ့တဲ့ မိတ်ဆွေစီနီယာ ရဟန်း တော်တစ်ပါးတော့ ရှိခဲ့ဖူးပါရဲ့။ သူ့မိတ်ဆွေရဟန်းတော်ကို မိုက်ကယ်လ်ကြီးလို့ ခေါ်ခဲ့ကြသလို သူ့ကိုလည်း မော်ဒန်တွေ ဒန်လွန်းလို့ မော်ဒန်ကြီးလို့ နစ်ခ်နိမ်းပေးခဲ့ကြပြန်ပါတယ်။ဒါပေမယ့် မော်ဒန်ဆိုတာ ဘာလဲအမေးကိုတော့ သူမဖြေနိုင်ခဲ့ပါလေ။

တကယ်တော့ အဲဒါဟာ ကိုယ့်ကိုယ့်ကို ဟုတ်လှပြီထင်ပေမယ့် မစိုးရိမ်တိုက်သစ်ကြီးရဲ့ စည်းမျဉ်းတွေအပေါ်မှာ သစ္စာဖောက်ခဲ့သလို ကိုယ်တိုင်ရွေးချယ်ထားတဲ့ ကိုယ့်ပညာရေးလမ်းကြောင်းကိုလည်း မရိုးမသားလုပ်ခဲ့တာပါပဲ..။ သူက အဲဒီနှစ်တွေမှာ သကျသီဟစာသင်တန်းမှာ စာရင်းသွင်းထားတာပါ ။ ကမ္ဘာ့သာသနာပြုအကျော် ဆရာတော်ကြီး အရှင်သေဋ္ဌိလရဲ့ ဆရာဖြစ်တဲ့ နာမည်ကျော်အရှင်အာဒိစ္စ၀ံသ( နောင်ဆရာကြီး ဦးအောင်မြတ်ထွဋ် ) မျှော်မှန်းခဲ့ဖူးသလို မစိုးရိမ်အ၀န်းအ၀ိုင်းမှာ နာယကစာချဖြစ်ရေးအိပ်မက်တွေ မက်ခဲ့သေးတာပါ။ ဒါပေမယ့် သူက မရိုးသားခဲ့ပါဘူး။

တကယ်တော့ ကိုယ်ဘာလိုတယ်ဆိုတာ အကဲမဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“မင်းတို့ခေတ်က ကိုယ့်ပညာရေးကိုတောင် မင်းတို့ အလေးမထားဘူး။ ပညာသင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဗောဓိရာဇ ကုမာရသုတ်(မ၊၂၊၂၂၇)မှာ ဘုရားရှင်က ဟောထားတယ်။

ဗောဓိရာဇကုမာရက ပထမမေးတယ်ပေါ့ကွာ။ အရှင်ဘုရား မဂ်ဖိုလ်ရချင်ရင် ဘယ်နှစ်ရက်လောက် နေရင်ရမှာတုန်း။ ကတ်သီးကတ်သတ်မေးတဲ့မေးခွန်းပါကွ၊ ဒီတော့ သူက ရိုးသားမှုရှိတယ်ဆိုရင်ကတော့ (၇)နှစ်ပေါ့။ (၇)လပေါ့။သို့မဟုတ် (၇) ရက်ပေါ့ကွာ။ ရိုးသားမှုရှိဖို့တော့ လိုတယ်။ ဒီအားထုတ်တဲ့ပုဂ္ဂိုလ်က ရိုးသားမှုရှိရင်ကတော့ ဒါ မြန်မြန်ရတာပဲပေါ့။

ဗောဓိမင်းသားကို ဘုရားရှင်က ပြန်မေးတယ်၊ မင်းလည်းကွာ ဆင်အတတ်တွေ မြင်းအတတ်တွေ သူများ သင်ပေးနေ တာပဲ။ ကဲ အဲဒီသင်ပေးနေတော့ မင်းမှာလဲ တပည့်တွေ အများကြီးရှိတာပဲကွ။ အဲဒီတပည့်တွေထဲမှာ မရိုးသားတဲ့ တပည့်ကို မင်းပညာတတ်အောင် သင်နိုင်ရဲ့လား။ ဟာ အရှင်ဘုရားမရဘူး။ မရိုးသားရင်တော့ ဘာပညာမှ သင်လို့မရဘူး။

အေးအဲဒါမှတ်ထား။ ဒါကြောင့် ပညာသင်တယ်ဆိုတာ မင်းတို့လောကီပညာပဲသင်သင် လောကုတ္တရာပညာပဲသင်သင် ရိုးသားမှုက အင်မတန်လိုတာ၊ ခုမင်းတို့က အဲဒီအင်္ဂါရပ်သိပ်ချို့တဲ့နေကြတာ။ နေရာတကာလျှောက်ညာနေကြတယ်။”

“ဟိုတစ်နေ့က ပြောခဲ့တဲ့ ဟဲလင်ကဲလားဆိုတဲ့အမျိုးသမီးလေးဆိုတာ မျက်စိကန်းနေတာပဲ။ ဒါပေမယ့် မျက်မမြင်စာနဲ့ စိတ်ဝင်စားမှုရှိတော့ကို ပညာသင်တော့ တတ်သွားတာပဲ။ ဘီအေတွေ ဘာတွေ အောင်သည်အထိ ---ပညာတတ်သွားတယ်။ သူက မျက်စိမမြင်ပေမယ့် ပညာရေးမှာ စိတ်ဝင်စားတယ်။ ရိုးသားတယ်။ တကယ်ပညာတတ်ချင်တဲ့ အဲဒီစိတ်ထားရှိတယ်။ ….မင်းတို့အခြေအနေက သူ့ထက်အများကြီးသာတယ်၊ ဒါပေမယ့် မရိုးသားတော့ ပညာအတတ်နည်းတာပဲ။”

“ဒို့ခေတ်တုန်းက ဗောဓိရာဇကုမာရသုတ်မှာ ဟောတဲ့အတိုင်း ရိုးသားကြတယ်။ ကိုယ့်ပညာကိုယ်သင်မှ ရမယ်။ အဲသလို ရိုးသားတယ်။ ----ဒို့ခေတ်မှာ ဘုရားဝတ်တက် စည်းမျဉ်းလုပ်ဖို့မလိုဘူး။ စာအံကျောင်းတက်ရမယ်ဆိုတဲ့ စည်းမျဉ်းလိုပ်ဖို့မလိုဘူး။ သူစာနဲ့သူအံနေကြတာပဲ။ မင်းတို့ခေတ်မှာ အဲလိုဖြစ်ဖို့လိုတယ်။ အဲသလို ဖြစ်မှ မင်းတို့သာသနာလည်း တိုးတက်မှာ။ တိုင်းပြည်လည်းတိုးတက်မှာ ။ ဒီအတိုင်းသာ လူပျင်းတွေချည်းသာ ဖြစ်နေရင်တော့ ဒို့သာသနာလည်း မတိုးတက်ပါဘူး။ တိုင်းပြည်လည်း မတိုးတက်ပါဘူး။”( ၁၃၆၆ ခု ၊ ဒုတိယ၀ါဆိုလပြည့်နေ့ သြ၀ါဒ)

သကျသီဟစာမေးပွဲဆိုတာက နေ့နေ့ညည သင်ခန်းစာတွေနဲ့ လုံးနေရတာပါ။ စာတွေခက်လွန်းလို့ ပုစ္ဆာထုတ်တဲ့ ဆရာတော်တွေရဲ့ အာဘော်တွေက နက်လွန်းလို့ အောင်မြင်သူရာခိုင်နှုံးအနည်းဆုံးစာမေးပွဲမို့ ရှေးဆရာတော်ကြီးတွေက လူသတ်ပွဲလို့တောင် ပြောပြီး ကန့်ကွက်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ပါရမီနဲ့ ကံဉာဏ်ဝီရိယပြည့်စုံတဲ့ သူ့မိတ်ဆွေ အချို့ကတော့ အဲဒီတောင်ကို ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

သူကတော့ သကျသီဟခေါင်းစဉ်အောက်မှာ မဖြစ်မနေတက်ရမယ့် စာဝါတွေ တာဝန်ကြေတက်၊ အပတ်စဉ်စာမေးပွဲ တွေကို တစ်ပွဲထိုးကျက်ကာ ဒဏ်မကျအောင် ဖြေဆိုလို့ တကယ့်တကယ်တော့ သူက အေဘီစီတွေနဲ့ ဂန္ထ၀င်တွေ မော်ဒန်တွေနဲ့ …….ရောထွေးပျော်မွေ့နေခဲ့တာပါ။

ဒီလိုနဲ့ မစိုးရိမ်မှာ လေးနှစ်ကြာခဲ့ပေမယ့် စာမေးပွဲဆိုလို့ ဘာတစ်ပွဲမှ မအောင်ခဲ့ပါဘူး..။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရွေးချယ်တဲ့လမ်းကိုတော့ လွမ်းလောက်အောင် လျှောက်ဖြစ်ခဲ့ပါတယ်။ သကျသီဟစာဖြေခန်းကိုတော့ နောက်ထပ်နှစ်တွေ အများကြီးကျန်သေးပေမယ့် ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့အချိန်မီခဲ့ပါတယ်။ သူနဲ့သဟဇာတကျမယ့် တက္ကသိုလ်စာသင်ခန်းတွေကို ရွေးချယ်လိုက်တာပါ။

သြော်မော်ဒန်လွန်နေ့ရက်များ....။

04 December, 2009

မစိုးရိမ်အလွမ်း(၂)


မစိုးရိမ်တိုက်သစ်ကို သူရောက်တော့ ၁၉၈၈ ရုတ်ရုတ်သဲသဲကာလကြီးမှာပါ။ ဆရာတော်ဦးရာဇဓမ္မဆိုတာကို မျှော်လင့်ထားတာနဲ့တစ်ခြားစီ ဖူးတွေ့ခွင့်စတင်ရရှိခဲ့ပါတယ်။ မစိုးရိမ်နဲ့စပ်သမျှသံဃာတော်တွေရဲ့ စကားဝိုင်းမှာ အမြဲဘာသာရပ်တစ်ခုအဖြစ်ရပ်တည်နိုင်တဲ့ ဆရာတော်တစ်ပါးရဲ့ ပုံရိပ်ကို သူက ပန်းချီအနုပညာကို မြတ်နိုးသူပီပီ ပုံဖော်ထားခဲ့ပြီးသားပါ။ ထောင်ထောင်မောင်းမောင်း မတ်မတ်မားမားပေါ့။ ဆရာတော်က စာပေနဲ့သီလတင်မက အရေး အရာတော်တော်များများကိုလည်း ဖြေရှင်းတတ်ပါသေးသတဲ့။.
သူတကယ်တွေ့ခဲ့တဲ့ အရှင်ရာဇဓမ္မဆိုတာက ပိန်ပိန်ပါးပါး။ ၀တ်ထားတဲ့သင်္ကန်းက တွန့်ခေါက်ချိုး။ ဆောင်းထားတဲ့ ပုသိမ်ထီးကို တစ်ဝက်မဖွင့် ကုပ်ကုပ်လေးဆောာင်းလို့ မစိုးရိမ်တိုက်သစ်ကြီးရဲ့ တစ်ခုတည်းသောကျောင်းလမ်းမကြီးကို မော့မော့မင်းမင်းလျှောက်လာတတ်တာ လွမ်းစရာပါပဲ ။ ပြီးတော့လည်းသိန်းဖေမြင့်တို့တပ်တဲ့ မျက်မှန်မျိုးတပ် ဆင်ထားပါတယ်။ အသံကတော့ သူ့လိုကိုရင်လေးတစ်ပါးအတွက် ဥပမာပေးစရာမရှိအောင် ထူးခြားခဲ့တာ သေချာခဲ့ပါတယ်။ နောင်အခါကျမှ ဘယ်သူနဲ့မှ မတူတဲ့ အသံပိုင်ရှင်မှန်းသိရပါတယ်။
လွန်တော်မူရှာပြီဖြစ်တဲ့ မစိုးရိမ်တိုက်သစ်ပထမဆရာတော်ဘုရားကြီး အရှင်သီရိန္ဒာဘိဝံသ(နိုင်ငံတော်သံဃမဟာ နာယ ကဒုတိယဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု) ရဲ့ မှတ်တမ်းမှာ ရေးမှတ်သွားတာလေးက ကျေးဇူးရှင်ကြီးနှစ် ပါးကြား မျက်ရည်စို့စရာပါပဲ။ သူဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အရိယာတစ်ခြမ်းလောက်ဖြစ်နေရင်တောင်မှ ငိုချင်ရက်လက်တို့ဖြစ်စရာပါ။ ဆရာတော်ဘုရားကြီး ဦးသီရိန္ဒရဲ့မှတ်တမ်းထဲမှာ ဆရာတော်ရေးမှတ်သွားတာလေးက
“ဆရာတော်ဘုရားကြီးသည် (ဆရာတော်ဘုရာကြီးဆိုသည်မှာ ဆဋ္ဌသင်္ဂါယနာပွဲတွင် ဦးဆောင်တော်မူခဲ့သည့် အဂ္ဂါဘိဓဇ မစိုးရိမ်ဆရာတော် ဦးသူရိယကို ဆိုလို၏) ဆွမ်းစားပင့်ဖိတ်သောအခါတို့တွင် ဦးရာဇဓမ္မကို သီလပေးရေ စက်ချတရားဟေားစမ်းကြည့်ခိုင်းသည်။ ဦးရာဇဓမ္မ၏ သီလပေးရေစက်ချဟောပြောမှုများကို ဆရာတော်ဘုရားကြီး ကျေနပ်နှစ်သက်သဖြင့် “တစ်ချို့တစ်ချို့ဂိုဏ်းတွေက အဟောအပြောလေး ကျက်ထားတာကွ၊ ချောမောအောင် လုပ်တတ်တယ်။ ဒို့သုဓမ္မာတွေ ချောမောအောင်မလုပ်တတ်ဘူး” ဟုအမိန့်ရှိသော ဆရာတော်ဘုရားကြီးသည် ဦးရာဇဓမ္မ ရောက်ချိန်မှစ၍ အထက်ပါပြောဆိုမှု အသံတိတ်ပြီး ကိစ္စရပ်ပေါ်လာတိုင်း ဦးရာဇဓမ္မကို လက်မလွတ်တော့ဘဲ အမြဲတမ်း ခေါ်ဆောင်သွားတော်မူသည်။ အခြားပုဂ္ဂိုလ်တို့အသံသည် ကြည်သည်မြသည်ဟု ထူးခြားမှုရှိတတ်သည်။ ဦးရာဇဓမ္မ၏ အသံကား ကြည်သည် မြသည်ဟု ဆိုရရုံသာမက သူတစ်ပါးထက် ထူးကဲပြီး ပီသမှုပိုသည်၊ ထိုကဲ့သို့ ပီသမှုပိုသည်ကို ဦးရာဇဓမ္မကိုယ်တိုင် သိသည်မထင်၊ မိမိက အထူးဂရုပြုထား၍ သိရသောအရာဖြစ်သည်။” တဲ့။
ဒီဆရာတော်ကြီးနှစ်ပါးဆိုတာက ငယ်သူငယ်ချင်းတွေဖြစ်ကြသလို အသက်ကနှစ်နှစ်လောက်ပဲကွာတာဆိုပဲ။ ဆရာတော်ဦးသီရိန်ဆိုတာက စီနီယာပါ။ ဂျှူနီယာရဟန်းတော်တစ်ပါးရဲ့ အားသားချက်ကို ရှုမြင်နေခဲ့တာကလည်း သာသနာတော်မှာ ပုထုဇဉ်ရဟန်းတွေရဲ့ဖြူစင်မှုပြယုဂ်ကို ထင်ထင်ရှားရှားပြခဲ့တဲ့ ကျေးဇူးတော်ရှင်အဂ္ဂါဘိဓဇ မစိုးရိမ် ဆရာတော်ကြီး ဦးသူရိယရဲ့ ခြေမှုံတွေကို နမ်းရှိုက်လိုကြတဲ့တပည့်တွေမို့သာပါ။
ဘာပဲဖြစ်ဖြစ် မစိုးရိမ်တိုက်သစ်က ဆရာတော်တွေကို သူ့အနေနဲ့ တစ်ခါတစ်ရံ ခပ်ပါးပါး၊ တစ်ခါတစ်ရံမှာတော့ မထူမပါး …..။ အဲဒီနှစ်မှာပဲ သူအနေနဲ့ တကယ်သေနတ်သံနဲ့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို ကြားခဲ့ဖူးခဲ့တယ်။
အဲဒီနှစ်က သူ့အသက်က ၁၄ နှစ်မပြည့်တတ်သေးပါဘူး။ ဖြေထားတဲ့ စာမေးပွဲကတော့ ပထမလတ်တန်း။ ဒါပေမယ့် အဲဒီနှစ် ပါဠိပထမပြန်စာမေးပွဲမှာ သူကျခဲ့ပါတယ်။ သူက စာမေးပွဲကျပေမယ့် မစိုးရိမ်တိုက်သစ်မှာတော့ လူရာဝင်ခဲ့ပါသေးတယ်။ သကျသီဟအသင်းကြီးက ကျင်းပမယ့် သာမဏေကျော်စာမေးပွဲမှာ ၀င်ရောက်ဖြေဆိုဖို့ စာရင်းသွင်းဖြစ်ခဲ့ပါရဲ့။ အဲဒီနှစ်က မစိုးရိမ်တိုက်သစ်မှာ သာမဏေကျော်စာမေးပွဲဖြေမယ့်ကိုရင်လေးတွေဆိုတာက လက်ချိုးရေတွက်လို့ ရနေခဲ့ပါသေးတယ်။

အဲဒီအချိန်က မစိုးရိမ်ဟာ အခုလို သံဃာတွေ ပေါက်ကွဲလုမတတ် မဖြစ်ခဲ့သေးပေမယ့် အောင်မြင်တဲ့ စာသင်တိုက်ကြီးတစ်တိုက်အဖြစ် ဘုရားအလိုတော်ကျနေခဲ့ပါပြီ။ ပဓာနမဟာနာယကဆရာတော် အရှင်သီရိန္ဒ၊ နာယကဆရာတော်များဖြစ်တဲ့အရှင်နာယက၊ အရှင်ရာဇဓမ္မဆိုတာကလည်း မစိုးရိမ်တိုက်သစ် ဆိုတာဘာလဲဆိုတဲ့ မေးခွန်းကို အဖြေတစ်ခုတည်း ထုတ်ခဲ့ကြသူတွေပါပဲ။
မဟာနာယကဆရာတော်ကြီးတွေသုံးပါးလုံးနဲ့ ပတ်သက်မိတော့လည်း ဆရာတော်ကြီးတွေက ချစ်စ်စရာ။ဘာပဲဖြစ်ဖြစ် မဟာနာယကဆရာတော်ကြီးနှစ်ပါးအကြောင်းတော့ နောက်မှပဲ လွမ်းပါရစေ။ ပြီးတော့ ဆရာတော်ကြီးနှစ်ပါးက ခုတော့ ဂုဏ်သတင်းမျှသာ ရုပ်ကြွင်းအဖြစ်ကျန်တော့တာကလား။
ဒီတော့လည်း အနီးဆုံးဆရာတော်ကြီးကိုပဲ လွမ်းလက်စမပျက် လွမ်းပါရစေဦး။ ဆရာတော်ကြီး အနားမှာ ရှိရင်တော့ “ဒီနွားက မအိပ်သေးဘူးလားဗျာ” လို့ လုပ်ချင်လုပ်နေဦးမှာ။
ဆရာတော်အရှင်ရာဇဓမ္မက သူ့တပည့်တွေ စာအုပ်ဖတ်တာကို သိပ်ကြိုက်လေ့ရှိပါတယ်။ဒါပေမယ့် သူ့ခမျာ တပည့်တွေလည်း စာဖတ်စေချင်၊ လောကုတ္တရာကလည်း လျောမကျစေချင်။ ပြီးတော့ ရာစုသစ်ကြီးထဲမှာလည်း နုံနုံအအမကျန်ရစ်စေချင်နဲ့ ရှည်ရှည်လျားလျားသြ၀ါဒတွေ ပေးဖြစ်ခဲ့ပါတော့တယ်။
ကဲ ကနေ့ စက်တင်ဘာ ၁၀ ရက် ၊ မနက်ဖြန်ခါ စက်တင်ဘာ ၁၁ ရက် အဲဒီတော့ အမေရိကန်မှာ World Trade Center ဆိုတဲ့ အဆောက်အဦကြီး အဖျက်အဆီးခံရတာ မနက်ဖြန်ဆို ၂၀၀၂ စက်တင်ဘာ (၁၁)ရက်ဆိုတော့ တစ်နှစ်ပြည့် သွားပြီပေါ့။ အခုဘယ်လိုဖြစ်တုန်း၊ ဟိုတစ်နေ့က ဗြိတိန်က ၀န်ကြီးတစ်ယောက်က ဆောင်းပါးလေးရေးတယ်၊ အဲဒါကြီးကို ဖျက်မယ်ဆိုတာ အမေရိကန်ကြိုတင်သိတယ်။ သိပေမယ့် -----ဒါကြီးမပျက်ပျက်အောင် လုပ်တာတဲ့ဗျာ။ အဲဒါကြီး ဖျက်မှ အီရတ်တို့ အာဖဂန်နစ္စတန်တို့ကို အရေးယူလို့ရမှာကိုးကွ၊ -----------။
အေးမင်းတို့လည်း နိုင်ငံခြားသတင်းဖတ်မှာလည်း မဟုတ်ဘူး။ ငါကတော့ ဖတ်တယ်။ နိုင်ငံခြားသတင်းပဲ ဖတ်တယ်၊ ပြည်တွင်းသတင်းမဖတ်ဘူး၊ ပြည်တွင်းသတင်းကဘာထူးတာမှတ်လို့ ပဂိုးဒါးရယ် ဆိုးဂျားရယ်၊ဒါတွေပဲ ဥစ္စာ၊-----------------။အစိုးရတစ်ခုဆိုတာ ဆူစေပူစေချင်ရင် ဆူအောင်ပူအောင် ဖန်တီးတာတို့ ဘာတို့ ဒါမျိုးတွေ ရှိတတ်ပါတယ်။---------------။
မင်းတို့စာတွေ ဖတ်တာကောင်းပါတယ်။ ဒါပေမယ့် မင်းတို့ စာဖတ်ပြီးတော့လည်းဗဟုသုတလည်း မရှိဘူး။ -------။ ကာတွန်းလောက်ဖတ်တာကိုး၊ အဲဒီတော့ လူတွေလည်း သွားတော့ ကာတွန်းလိုသွား၊ ရေးတော့လည်း ကာတွန်းလက်ရေးဖြစ်ကုန်ရော။”“စာဖတ်တယ်ဆိုတာ ဗဟုသုတအတွေ့အကြုံတွေ များအောင်လို့ စာဖတ်ဖို့ လိုတယ်၊ ခုတော့ မင်းတို့ဥစ္စာ ဖေတော့မောင်တော့လောက် ဖတ်တာ၊ ၀တ္ထုတောင်မှ အချစ်မပါရင် ၀တ္ထုမပီသဘူးထင်တယ်။ ဖတ်ကို မဖတ်တော့ဘူး။
မင်းတို့ ဟိုကောင်မတစ်ယောက် ရေးတောင်ရေးတယ် Living Together အားကြီး သူက ဦးစားပေးရေးတာ။ ဟေ့ကောင်တွေ လစ်ဗင်းတူဂဲသားဆိုတာ သိလား၊( မသိပါဘုရား) လင်မယားမဟုတ်ဘဲနဲ့ အတူတူနေတာကွ ဟုတ်လား၊ ------။အတူတူနေချင်လို့ လင်မယားမဟုတ်ဘဲနဲ့ လင်မယားလို အတူတူအိပ်ရတာ၊ အဲဒါကို လစ်ဗင်းတူဂဲသားခေါ်တယ်။ အဲဒါကို ဦးစားပေးရေးတဲ့ စာရေးဆရာမတစ်ယောက်ရှိတယ်ပြောတာပဲ၊ ငါတော့ တစ်ခါမှ မဖတ်ဖူးသေးဘူး။ သူ့နာမည်လည်း ငါကြားတောင်မကြားဖူးပါဘူး။ အေးမင်းတို့က အဲဒါမျိုးတွေပဲ အဖတ်များတယ်။”
“ ဒီတော့ စာဖတ်တာကောင်းပါတယ်။ ကိုယ့်ကို ဗဟုသုတပေးမယ့် စာပေမျိုးကို ရွေးချယ်ပြီးတော့ အားလပ်တဲ့ အချိန်တိုင်းမှာ မင်းတို့ဖတ်ရတယ်၊ စာအံကျောင်းတို့ဘာတို့မှာ အဲဒီမဂ္ဂဇင်းတို့ ဘာတို့ ယူလာရင် ဒို့ကတော့ နှင်ထုတ်မှာပဲ။”
(၁၃၆၅ ခု တော်သလင်းလပြည့်နေ့ သြ၀ါဒ)
ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန်ကာလများဆီ ပြန်လည်ကာ သူ့အတွေးတွေ ဆန်တက်သွားခဲ့ သွားပါတယ်။ မစိုးရိမ် တိုက်သစ်နားက ဗေဒါလမ်းဆိုတဲ့ စာအု့ပ်ဆိုင်လေးမှာ ဆိုင်ပိုင်ရှင် ဒကာကြီးသိုမှီးထားတဲ့ အမြတ်တနိုးစာအုပ်တွေ လက်သိပ်ထိုးငှားပေးလို့ တိုးတိုးတိတ်တိတ်ဖတ်ခဲ့ရတာတွေ အမှတ်ရမိသေးတော့။
ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦး ကိုတော့ဖြင့် ဓမ္မသီတဂူအလယ်ထပ်မှာ ညလုံးပေါက်ဖတ်ခဲ့ဖူးပါလေရဲ့။ ၀ါဆိုဖယောင်တိုင်ကြီး တစ်တိုင်ကို စွန့်စွန့်စားစားထွန်းပြီးတော့ပေါ့လေ။
မစိုးရိမ်ထုံးစံက ည ၁၂း၀၀ ဆိုရင် ကျောင်းတိုင်းမီးပိတ်ရတာပါ။ အပိုစာကျက်ချင်တဲ့ ကိုယ်တော်များအတွက်တော့ ကျောင်းလမ်းမကြီးတွေပေါ်က မာကျူရီမီးသီကြီးတွေက လောက်လောက်လန်းလန်းရှိနေခဲ့ပါတယ်။
သူကတော့ အိပ်ရာအ၀င်မှာ နုနုငယ်ငယ်တို့ သာစည်မြို့စွန်က ရွာမွန်သာရွာလေးကို ၀ါဆိုဖယောင်းတိုင်ကြီး တစ်တိုင်နဲ့ ရောက်အောင်သွားပစ်ခဲ့တာပါ။ ကံကောင်းချင်တော့ သူနေတဲ့တစ်ထပ်လုံးက သတိမပြုလိုက်မိပါဘူး။ သတိပြုမိတာက ဆရာတော် အရှင်ရာဇဓမ္မတစ်ပါးသာရှိခဲ့ပါတယ်။
“အေး ညက မင်းတို့ အထပ်မှာ မီးထွန်းတာ တွေ့တယ်၊ နောက်တစ်ခါတွေ့ရင် နှင်ထုတ်မယ်” ။
ဆရာတော်ဘုရား သည်းခံပါ ဖျာ့။ တပည့်တော်ပါဘုရား။
အဲဒါထက် တောင်ကြီးမြို့ ကို တစ်နှစ်တစ်ခါ လည်ပတ်လေ့ရှိတဲ့ သူ့အတွက် သာစည်မြှို့အလွန်က ရွာမွန်သာရွာလေးကို ဟိုင်းဝေးမီနီဘတ်စ်လေးနဲ့ ဖြတ်ကျော်ရလေတိုင်း ကိုဘခက်တို့ ညွန့်မေတို့နဲ့ စကားပြောချင်တဲ့ ရောဂါ ရရှိခဲ့ပါတော့တယ်။
သြော် အမျှ အမျှ

02 December, 2009

မစိုးရိမ်အလွမ်း


ဒီနေ့မနက်စောစောအိမ်ရာက နိုးနေပါတယ်၊ဗာရာဏသီဆောင်းက အေးစပြုပါပြီ။ စောင်ထူထူခြုံကွေးရင်း အိပ်ရာဘေးမှာ အသင့်တွေ့ရတဲ့ ညတုန်းက အိပ်ရာမ၀င်မီ ဖတ်လက်စ လက်ရှိမစိုးရိမ်တိုက်သစ် ဆရာတော် ဘုရားကြီးရဲ့ စိန်ရတုအထိမ်းအမှတ်သြ၀ါဒကထာများစာအုပ်ထူထူကြီး ဆက်ဖတ်နေမိပါတယ်။အဲဒီအချိန်မှာပဲ ဖုန်းခေါ်သံ တစ်ခုက မင်္ဂလာရှိစွာ ၀င်ရောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ နေတဲ့ စပွန်ဆာမယ်တော်ဆီက န၀ကမ္မပေးပို့လိုက်ပြီဆိုတဲ့ အကြောင်းပါ။ မယ်တော်မိသားစုက သူအိန္ဒိယမှာ ပညာသင်နေတဲ့ကာလအတွင်းမှာ အစစအရာရာပံပိုးပေးခဲ့ကြတာ ကျေးဇူးများလှပါတယ်။ ဓမ္မဂင်္ဂါဖြစ်လာဖို့ အတွက် ရေလောင်းခဲ့ကြတဲ့ သူ့ရဲ့စပွန်ဆာတွေက အမည်မဖော်လိုကြတဲ့အတွက် အင်တာနက်မှာ မတင်ဖြစ် တော့ပါ။

ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်တော့ သူ့နာမည်က သူ့အသိုင်းအ၀ိုင်းကျဉ်းကျဉ်လေးမှာ ထင်ထင်ရှားရှား ဖြစ်သွားပါတယ်။ အိန္ဒိယတက္ကသိုလ်တစ်ခုမှာ ကထိကဖြစ်သွားပြီဆိုတဲ့ သတင်းကြီးသွားတာနဲ့ အိန္ဒိယပြန်ဖို့ လမ်းစရိတ်လှူမယ့်လူတောင် မရှိဖြစ်သွားရတာပါ။ ဒီကြားထဲ ဓမ္မဒါနစစ်စစ်တရားပွဲကလည်း နာမည်ကြီးခဲ့ ပါသေးတယ်။

မြန်မာပြည်က စပွန်ဆာဒကာကြီးတစ်ယောက်ကတော့ အကြောင်းသိသွားလို့ တပည့်တော်လှူပါမယ်လို့ လျှောက်ထားပြီး ဖြစ်ပေမယ့် ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ လေယာဉ်လက်မှတ်တွေက အခက်အခဲရှိတတ်လို့ စောစောဝယ်မှ ဖြစ်မယ်ဆိုတာကိုတော့ ဒကာကြီးကို မပြောရဲပြန်ပါဘူး။ ဒီအကြောင်းကို စင်ကာပူမှာ သီတင်းသုံး နေတဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးကို အင်တာနက်မှာ ချတ်ရင်း ညီးပြဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် အလုပ်ဖြစ်သွား ပါတယ်။ လေယာဉ်လက်မှတ်တစ်စောင်ဖြစ်သွားပါတယ်။ သာဓု သာဓု သာဓု။ မိတ်ဆွေရဟန်းတော် တစ်ပါးပြော တာလည်း မှတ်မှတ်ရရဖြစ်သွားခဲ့ပါသေးတယ်။ “အင်း ငါ့ရှင်တို့ ဒကာ ဒကာမတွေအပေါ်မှာ မာနကြီးသမျှ လူရင်းတွေကို လာထိတယ်ဗျား ” တဲ့။အလှူခံမရဲသမျှတော့ လူရင်းတွေကိုပဲ ၀င်ဝင်ဆွဲရတော့တာပါ။

အဲဒါမစိုးရိမ်အမွေပါပဲ။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာ လေးနှစ်တာနေထိုင်ခဲ့စဉ်အတွင်း မစိုးရိမ်ဆရာ တော်တွေရဲ့ သြ၀ါဒတွေ နားထဲစွဲခဲ့တာက အလှူခံအလုပ်ကြီးကို တွန့်ဆုတ်စေခဲ့ပါတယ်။ ရန်ကုန်မှာ စာသင်တိုက်ထောင်ပြီး ရဟန်းသာမဏေတွေ မွေးမြူစာချဖြစ်တဲ့အခါမှာလည်း မစိုးရိမ်ထွက်ကျောင်း ထိုင်ဆရာတော်၊ နာယကစာချဆရာတော်တွေချည်းစုစည်းဖြစ်ခဲ့ကြတာမို့ ရပ်ကွက်ထဲမှာ ဆွမ်းဆန်စိမ်း အလှူခံဖို့တောင် မရဲခဲ့ကြပါဘူး။

ပထမဆုံးနှစ်တွေကတော့ ဒကာတွေ တွန်းအားကြီးလို့ သင်္ကြန်အတွင်းမှာ နှစ်နှစ်လောက်တော့ ရပ်ကွက်ထဲမှာ နေပူကြဲကြဲထဲ ဆွမ်းဆန်စိမ်းခံ စာချစာသင်သံဃာတော်တွေ ကြွဖြစ်ခဲ့ကြပါသေးတယ်။ နောက်တော့လည်း ဒါဟာ မစိုးရိမ်သွေးမဟုတ်ဘူးလို့ ကျောင်းထိုင်ဆရာတော်က မျက်နှာပူခဲ့ပါတယ်။ နောက်နှစ်များမှာ နာယကဆရာတော်များနဲ့တိုင်ပင်ပြီး မစိုးရိမ်ထုံးစံ အလှူမခံကြေးဆုံးဖြတ်ပြီး ဆက်မကြွဖြစ်တော့ပါဘူး။

အမေရိကားက မယ်တော်က ကုတ်ဒ်နံပါတ်တစ်ခုကို ပေးပြီး “ ဖတ်လိုက်စ ဆက်ဖတ်ပါ၊ ဦးဇင်းရဲ့ ဘလော့ ကိုတော့ ဆက်ရေးပါ၊ အမာခံပရိသတ်တစ်ဦးတော့ အခိုင်ရှိပါတယ် ” လို့ သတင်းကောင်းပေးပါတယ်။ အမြဲတမ်းဖတ်နေတဲ့ပရိသတ်ကတော့ နယူးယော့ခ် လောကချမ်းသာကျောင်းက ဂေါပကဒကာကြီး ဦးကျော်တင့် ပါ။ မယ်တော်ရဲ့ ဖခင်ပါပဲ။

ဖုန်းကျသွားတာနဲ့ ဖတ်လက်စမစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒများကို ဆက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း နားထောင်ခဲ့ဖူးတာမို့ နားထဲမှာ ထိထိမိမိရှိခဲ့သလို စာနဲ့မှတ်တမ်းတင်ထားတော့လည်း ဖတ်ရတာ အရသာရှိနေတုန်းပါ။မစိုးရိမ်ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသဆိုတာက စကားပြောရင် တည့်တည့်ပြောတတ် ပါတယ်။ ပိဿာလေးနဲ့ နံဘေးပစ်ဆိုတာမျိုး အပြောခံရတဲ့သူကတော့ အောင့်အောင့်သွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နာနာကျင်ကျင် အပစ်မြင်တိုင်း ၀မ်းတွင်းမသို ဟုတ်တိုင်းဆိုသား ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော ဆိုတဲ့ ဆရာမျိုးမို့ ရဟန်းသံဃာထုတစ်ရပ်လုံးက လေးစားကြရတဲ့ဆရာတော်ကြီးပါ။

သံဃာသုံးထောင်လောက်ရှိတဲ့ မစိုးရိမ်တိုက်ကြီးသုံးတိုက်ကို အုပ်ချုပ်တော်မူဆဲဆရာတော်ကြီးမို့ သြဇာလည်း ကြီးတော်မူပါတယ်။ရဟန်းလေးမျိုးရှိတယ်လို့ဖတ်ဖူးပါတယ်။ အမျိးသမီးတွေချည်းသာ ကြည်ညိုတဲ့ ရဟန်း (ညံ့)။ အမျိုးသားတွေပါ ကြည်ညိုတဲ့ ရဟန်း( သင့်)၊ ရဟန်းတော်အချင်းချင်း ကြည်ညိုတဲ့ ရဟန်း (တော်)။ ကိုယ့်ကိုယ်ကို ကြည်ညိုတဲ့ရဟန်း(အတော်ဆုံး) တဲ့။ အတော်ဆုံးကိစ္စကတော့ ဆရာတော်ကြီးရဲ့ ကိုယ်ရေးကိုယ် တာမို့ မသိရပေမယ့် တော်အဆင့်မှာတော့ ဆရာတော်ကြီးက မတ်မတ်မားမားရှိနေခဲ့ပါတယ်။

ဆရာတော်ကြီးက စကားပြောပြတ်သလို လက်သီးထိုးလည်း ကြမ်းပါတယ်။ အဟုတ် သူကိုယ်တိုင် မစိုးရိမ်တိုက်သစ်မှာ လေးနှစ်တာနေထိုင်ခဲ့စဉ်အတွင်း အချိုးမပြေလို့ လက်သီးနဲ့ သုံးခါအထိုးခံခဲ့ရဖူးပါတယ်။ မမေ့ဘူးဘုရား။ လွမ်းတာ လွမ်းတာ။ သြော်ဆရာတော်ကြီးတောင် သက်တော်(၇၅) ပြည့်ရှာပြီ။

ဆရာတော်ကြီးရဲ့ သြ၀ါဒတွေကို ဆက်ဖတ်ဖြစ်ပါတယ်။
“မင်းတို့ သံဃာသုံးထောင်လောက်နီးပါးထဲမှာ ဆိုးတဲ့သူ သိပ်မရှိပါဘူးကွ။ အလွန်ဆုံးရှိရင် တစ်ရာ တစ်ရာ့ငါး ဆယ် နစ်ရာပေါ့။ အဲဒီနှစ်ရာလောက် ဆိုးတဲ့ပုဂ္ဂိုလ်ရှိတာနဲ့ ကောင်းတဲ့ပုဂ္ဂိုလ်တွေ အထိအခိုက်မခံနိုင်ဘူး။ ဆိုးတဲ့ပုဂ္ဂိုလ်တွေ ပြင်ရင်ပြင်၊ မပြင်နိုင်ရင် ပြောင်း ဒါပဲရှိတယ်။ မင်းတို့ကို ချော့မထားဘူး၊ ပြီးတော့ ဒို့တိုက်က မွေးမြူရေးလုပ်တဲ့ တိုက်မဟုတ်ဘူး။မွေးမြူရေးလုပ်တဲ့တိုက်ဆိုတာကတော့ သံဃာများရင် အကျိုးရှိတယ်။ ”

“ဒီသံဃာပြပြီး စပါးအလှူခံ၊ပဲအလှူခံ၊နှမ်းအလှူခံ၊ အဲဒါတွေရောင်းပြီး ကားစီး တိုက်ဆောက် မင်းတို့အချို့ တိုက်တွေက အဲဒါတွေလုပ်နေတာ ဦးဇင်းတွေကို ဟုတ်တိပတ်တိ ကျွေးတာမှ မဟုတ်ဘဲ၊ အဲဒို့ဆီက ပဲအလှူခံ နှမ်းအလှူခံမရှိဘူးဗျာ၊ မစိုးရိမ်တိုက်သစ်အတွက် ဆိုပြီးတော့ အလှူခံနေရင် အဲဒီကောင်ညာတာ မှတ်ထား၊ ဒို့ဆီက ဘယ်တော့မှ အလှူမခံ၊ ဒါကြောင့် မွေးမြူရေးတိုက်မဟုတ်ဘူး မွေးမြူရေးတိုက်ဆိုတာက သံဃာများလေ သူ့အတွက် အကျိုးရှိလေ၊ ဒို့ဆီက သံဃာရှိရှိမရှိရှိ။ ရှိတဲ့သံဃာ ပညာရေးတိုးတက်အောင် လို့ပို့ချပေးမယ်။ ဒါပဲ ဒီပြင် အစားအသောက်တွေ ဘာတွေ ဒို့က ဘာမှ တာဝန်မယူဘူး။ ”(၁၃၆၅ ခု နယုန်လပြည့်နေ့သြ၀ါဒ)

ဒီလိုသြ၀ါဒများကို အပတ်စဉ်တိုင်းကြားရလေ့ရှိပါတယ်။ နားထဲမှာ စွဲနေတော့တာပါ။ အကြွားအ၀ါမဟုတ် အလုပ်တကယ် လုပ်ကြရမယ်ဆိုတာကို နွှေးပေးနေခဲ့တာပါ။ အများဒကာ ဒကာမတွေအမြင်မှာတော့ မစိုးရိမ် ကိုယ်တော်တွေ ကြည့်ရတာ ဆောင့်ကြွားကြွားမို့ ကြည့်ရတာ အချိုးမပြေလှပါဘူး။ ဒါပေမယ့် ကျောင်းတိုက် ကြီးထဲ ၀င်ကြည့်လိုက်ရင်တော့ ကြိုက်သွားကြတာပါ။ စာကျက်ကြ စာတက်ကြသံဃာတော်တွေကို အရင်း အတိုင်းတွေ့လိုက်ရလိုပါပဲ။ နေရာအနှံ့သံဃာတွေချည်းပြည့်နေတော့တာပါ။ ဘုရားလက်ထက်တော်က ဇေတ၀န်ကျောင်းကြီးမြင်ဖူးချင်ရင် မစိုးရိမ်တိုက်သစ်ကိုသာ သွားကြည့်ပေရော့။

အလှူမခံပေမယ့် ကျောင်းကြီးတွေ ဟီးဟီးထအောင် ဆောက်လှူကြတော့တာပါ။ မစိုးရိမ်တိုက်ထဲမှာ ကျောင်း ဆောက်တဲ့ ဒကာတွေဟာ တစ်ကျောင်းတည်းနဲ့ ရပ်သွားလေ့မရှိပါဘူး၊ မသေမချင်းကို တစ်ကျောင်းပြီး တစ်ကျောင်း ဆောက်ကြတော့တာပါ။ သေသွားရင်လည်း သံဃာတွေအတွက်ဆိုပြီး နေတဲ့အိမ်ကို ရေစက် ချခဲ့တာပါပဲ။ သားစဉ်မြေးဆက်လည်း ကျောင်းတွေဆက်ဆောက်ကြတော့ မြေကွက်အလပ်မရှိအောင် ကျောင်းချင်းထိစပ်တဲ့အထိ သာသနာကို မြှင့်ခဲ့ကြပါတယ်။

ကျောင်းတွေ ဆောက်တိုင်းဆောက်တိုင်း သံဃာတွေက စုပြုံတိုးနေကြတာပါပဲ။ မစိုးရိမ်ရဲ့ ပညာရေးအရိပ်က လုံခြုံတော့လည်း ခိုကိုးကြတာပါ။ သူလည်း ပျော်ပျော်ကြီးတိုးခဲ့ပါသေးတယ်။ မစိုးရိမ်အလွမ်းတွေလည်း ဆက်ပါဦးမယ်.။ ဆရာတော်ရဲ့နိုင်ငံ၊ လူမျိုး၊ သာသနာအပေါ်မှာ ဘယ်လောက်ချစ်သလဲဆိုတာ ထင်ဟတ်စေတဲ့ သြ၀ါဒတော်တွေကိုလည်း မျှချင်ပါသေးတယ်။

28 October, 2009

ယခင်စာသင်တိုက် ယခုတက္ကသိုလ်









(၁)
ဗာရာဏသီ၏ မွှန်ထူပူလောင်သော မြို့ပြအငွေ့အသက်ကို သက်ပြင်းနှင့်အတူ မှုတ်ထုတ်ပစ်လိုက်ရသည်။ နွေခေါင်ခေါင် မန္တလေးကို မိတ္တူကူးထားသော ရှုမျှော်ခင်းပင် ဖြစ်လိမ့်မည်။ ပရိဝုဏ်တစ်ခုအတွင်းသို့ ချိုးကွေ့ ၀င်လိုက်သည့်အခါမှပင် ကျယ်ပြောလွတ် လပ်သော အသက်ရှူကွက်ကို ပြန်လည် ဆုပ်ကိုင်မိ၏။ အေးမြသော လေပြည်တို့ ရင်ဘတ်ကို တိုးဝှေ့လာသည်။ ခမ်းနားသော ညီမူရာ ခန်းမဆောင်၊ထည်ဝါသော စာသင်ဆောင်များနှင့် ညီညာစိန်းလန်းသော သစ်ပင်တန်းများ သည် ခြေလှမ်းးများကို ညှို့ငင်နေကြသည်။ ငယ်စဉ်က ကျွမ်းဝင်ခဲ့ဖူးသည့် မစိုးရိမ်ကျောင်းတိုက်ကြီးကို နောက်တစ်ကြိမ်ဖြတ်သန်းနေရသလိုမျိုးပါပဲလား။ ကျောင်းတော် ကြီး၏ ကွက်လပ်ရင်ပြင်အသီးသီးတွင် ပူဇော်ထိုက်သူတို့၏ အထိမ်းအမှတ်ရုပ်တုများ တည်ရှိသည်။ ကျေးဇူးတရားကို သင်္ကေတပုံရိပ် အထိမ်းအမှတ်ရုပ်ပွားတို့ဖြင့် ဖော်ကျူးတတ် သည်မှာ မဇ္ဈိမ၏ မြတ်သောအစဉ်အလာဖြစ်သည်။

ဗုဒ္ဓ၏ ကျေးဇူးမြတ်ကို ကမ္ဘာက မမေ့စေလိုသည့် အသောကဧကရာဇ်ကိုယ်တိုင် လိုက်နာကျင့်သုံးဖော် ဆောင်ခဲ့သော လမ်းလည်းဖြစ်သည်။ ဗုဒ္ဓဒိုင်ယာရီနှင့် ဓမ္မသတင်းစကား ကို ယနေ့ ကမ္ဘာက ယုံကြည် လေးမြတ်စွာ ဖတ်ရှုနိုင်ကြသည်မှာ အသောက ကျောက်စာ တိုင်များက မျှော်မှန်းသည့် ဥဒါန်းပင်ဖြစ်တော့သည်။

ဗရာမင်ဝတ်စားဆင်ယင်မှုဖြင့် ခန့်ညားစွာ ထုဆစ်ထားသည့် ဗြဟ္မဏလူကြီး လူကောင်း တစ်ဦး၏ ရုပ်တုကို တက္ကသိုလ် အစဦးတည်ထောင်သူ သမ္ပုဏ္ဏာနန္ဒ ဟုသိရလေသောအခါ မမြင်ဖူးလိုက်သည့် မစိုးရိမ်ကျောင်းဒကာကြီး ဦးသက်ရှည်ကို မြန်မာ့ဝတ်စုံဆင်မြန်း၍ လွမ်းလိုက်မိသေးသည်။ ဗာရာဏသီမြို့သားကြီး သမ္ပုဏ္ဏာနန္ဒက သက္ကတစာပေနှင့် ဟိန္ဒူဘာသာရေးအတွက် သက္ကတစာသင်တိုက်ကို တည်ထောင်သည်။ မန္တလေးသားကြီး ဦးသက်ရှည်က ပါဠိစာပေနှင့် ဗုဒ္ဓသာသနာတော်အတွက် ပါဠိစာသင် တိုက်ကို တည်ထောင်သည်။

ကိုယ့်အမျိုးဘာသာသွေးကို နွှေးကြပုံချင်းတူသော်လည်း အတ္တနွှယ်ယှက်သော ပုဏ္ဏားကြီးက သူ့အမည်ကို ကျောင်းကမ္ပည်းတင်လိုက်သည်။ အနတ္တနွယ်ဖွား မြန်မာကြီးက ဥယျာဉ်ဟောင်း အမည်ကိုသာ ထင်ရှား စေခဲ့သည်။


(၂)

တက္ကသိုလ်စာသင်ဆောင်များဆီသို့ တိုးဝင်မိသောအခါ ရိုးရာကို တွယ်ဖက်နေဆဲဖြစ်သည့် ဗြဟ္မဏစာ သင်ခန်းများအချို့က ဌာန်ကရိုဏ်းကျနသော သက္ကတကျမ်းဂန် ရွတ်ဖတ်သံများကို သိုမှီးထားလေ သည်။ နိုင်ငံတကာကျောင်းသားတို့ ရုံးစုနေသည့် စာသင်ခန်းများကတော့ အရှေ့တိုင်းဒဿန၏ မြစ်ဖျားဆီ ပြန်လည်ဆန်တက်နေကြသည်။


သက္ကတစာပေဌာန၊ ပါဠိစာပေနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလေ့လာရေးဌာန၊ အာယုဗ္ဗေဒဌာန စသည့် မဟာဌာနကြီးများနှင့် ဌာနငယ်ပေါင်းများစွာဖြင့် ဖွဲယှက်ထားသည့် တက္ကသိုလ် ကွန်ရက်က အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးနှင့် နိုင်ငံရပ်ခြားမှ ကျောင်းသားများစွာကို ဖြန့် ကျက်မိနေသည်။ ကောဇောပြည့်ခင်းထားသည့် စာသင်ခန်းဦးက ဖုံလိပ်မွေ့ရာတွင် ဘာသာရပ်ဆိုင် ရာဂုရုကြီးများက အခန့်သား နေရာယူကာ သက္ကတစာပေကို သက္ကတဘာသာစကားဖြင့် ပို့ချမည်။ ပါဠိစာပေကို ပါဠိဘာသာစကားဖြင့် ပို့ချမည်။ နိုင်ငံတကာကျောင်းသားကို တိုးချဲ့ရှင်းပြဖို့တော့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကြလေမည်။ လက်ထောက်ဆရာလေးများကလည်း ဆရာဂုရုကြီးများ၏ ခြေရာထပ်မျှ အရည် အချင်းကို သွေးယူနေကြသည်။


မစိုးရိမ်ကျောင်းတိုက်ကြီး၏ မမေ့နိုင်သော နေ့ရက်များက ဒစ်ဂျစ်တယ်လ်ပြကွက်များအဖြစ် အတွေးစီး ကြောင်းထဲ တဖျတ်ဖျတ်လင်းလက်လာသည်။ ညီမူရာ သာသနနယူပဒေသ အလယ်တိုက်မကြီးကို ခြံရံထား သည့် ပိဋကနယူပဒေသ၊အဘိဓမ္မာနယူပဒေသ၊ ပါဠိ နယူပဒေသ စသော ကျောင်းဆောင်အသီးသီး၏ ရွှေရည်သုတ်နံရံတိုင်းကို နာယက အဆူဆူနှင့် စာချစာသင်တို့၏ ပိဋကတ်ကျမ်းဂန် ပို့ချရွတ်ဖတ်သံများက ဓမ္မအဆင် အသွေးခြယ် ရေးထားလေသည်။


သံသရာထွက်ရပ်လမ်းအဘိဓမ္မာ၊ နေ့စဉ်ဘ၀လမ်းညွှန်သုတ္တန္တနှင့် အထူးလိုက်နာကျင့်သုံးဖွယ် ၀ိနယဘာ သာရပ်တို့ကို ပို့ချပေးနိုင်သည့် အရည်အသွေးလင်းပသော နာယကဆရာမြတ်တို့က ထောင်ပေါင်း များစွာသော စာသင်သားတို့၏ ပရိယတ္တိအသိဥာဏ်အကိုင်းအခက်ကို စိမ်းမြရှင်သန်အောင် စိုက်ပျိုးရန် တက်ကြွနေ တတ်ကြမြဲ ဖြစ်လေသည်။


နာရီစင်အချက်ပေးခေါင်းလောင်းသံများကလည်း ကျောင်းတိုက်ကြီးကို ငိုက်မြည်းမနေအောင် ပုတ်နှိုးနေတတ် သည်။ ထို့ကြောင့်ပင် သာသနာတော်နှင့် ပတ်သက်၍ အရေးအရာကြုံလာတိုင်း မစိုးရိမ်သွေးက နွေးနေတတ်လေသည်။


(၃)


သက္ကတတက္ကသိုလ်ကြီး၏ သမိုင်းဆီပြန်လည်ငေးမောမိသောအခါ မစိုးရိမ်ကျောင်းတိုက်ကြီး၏ စဦးနေ့ရက် များလို တာထွက်ကောင်းခဲ့သည်တော့ မဟုတ်ပါ။လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ ခန့်က ဗြိတိသျှလူမျိုး တစ်ဦြး့ဖစ်သည့် ယောနသန်ဒန်ခမ်ဆိုသူက အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်မှု အောက်ရှိနိုင်ငံများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ လေ့လာရေးရည်ရွယ် ချက်ဖြင့် သက္ကတပဋသာလစာသင်တိုက်ငယ်ကို တည်ထောင်ခဲ့ခြင်းဖြစ် သည်။ စာသင်တိုက် ငယ်တွင် သျှတြိ၊ အာကျရယနှင့် ၀ိဒျာဝရိဓိဟု အတန်းသုံးခု သတ်မှတ်ကာ ပညာသင်ကြား ပေးလေသည်။


ဗြိတိသျှအုပ်စိုးမှုအခြေခိုင်လာသည့်အခါ ၀ိတိုးရီးယားကောလိပ်အဖြစ် အဆင့်မြှင့်တင် ပေးခဲ့သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးသည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ သမ္ပုဏ္ဏာနန္ဒက တက္ကသိုလ်အဖြစ် တစ်ဆင့် တိုးမြှင့်ကာ ပြည်တွင်းကျောင်းသားများ အတွက် သာမက ပြည်ပပညာတော်သင်များအတွက်ပါ သက္ကတ စာပေနှင့် အရှေ့တိုင်း ပညာရပ်တို့ သင်ယူရာ အဆင့်မြင့်ပညာရေးဌာနကြီးတစ်ခု ဖြစ်စေခဲ့လေသည်။ ယခင် သတ်မှတ်ထားသော အတန်းသုံးတန်းသည်လည်း ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့ ဟူ၍ဖြစ်လာကာ နိုင်ငံတကာပညာရေးလောကတွင် ၀င်ဆန့်စေခဲ့သည်။


မစိုးရိမ်ကျောင်းတိုက်ကြီး၏ သမိုင်းကတော့ ခမ်းနားသောနေ့ရက်တို့ဖြင့် စတင်ခဲ့လေသည်။ တက္ကသိုလ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကဲ့သို့ပင် ခိုင်မာသည့် သြ၀ါဒါနုသာသနီ ကတိက၀တ်စာတမ်းကို ရေးဆွဲချမှတ် နိုင်ခဲ့သလို ပညာရှင်များစွာတို့၏ ကိုယ်ရောင် ကိုယ်ဝါဖြင့် သာသနာ့နယ်မြေတွင် လင်းပခဲ့လေသည်။ သက္ကတအရာတွင် ပါမောက္ခတစ်ဆူဖြစ်သည့် အရှင်သောမာဘိသိရီ၊ အင်္ဂလိပ်စာပေပညာရှင် ပထမကျော် အရှင်ဥာဏ၊ ပါဠိပညာရှင် အဂ္ဂါဘိဓဇမစိုးရိမ်ဆရာတော်လောင်းလျာ အရှင်သူရိယနှင့် အရည်အချင်း ပြည့်ဝသည့် ဓမ္မာစရိယထေရ်အရှင်များစွာတို့၏ အသိဥာဏ် အရင်းအမြစ်တို့ဖြင့် ပရိယတ္တိနယ်ပယ်ကို ချဲ့ထွင် နိုင်ခဲ့ကြသည်။

ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထူးအရေးထားလေ့လာနေရသည့် လယ်တီဒီပနီ ကျမ်းစာများကို ဦးဆောင် ဘာသာပြန်ဆိုခဲ့သူမှာ မစိုးရိမ်၏ ဂန္ထ၀င်ပုဂ္ဂိုလ်ကျော် အရှင်ဥာဏ ပင်ဖြစ်လေသည်။ ဂရိတ်ဗြိတိန်၊ လန်ဒန်ပါဠိ စာတော်မူအသင်းကြီးသည် မစိုးရိမ် ပိဋကတ်ဦးနှောက်များ၏ တန်ဖိုးကြီးမားလှသော အကြံဥာဏ်ကို နို့သက်ခံယူခဲ့ရပေသေး သည်။

မန္တလေးမြို့၏ နာမည်ကျော်ကြားလှသည့် ပရိယတ္တိသာသနဟိတ(သကျသီဟ)အသင်းကြီးမှ ဆက်ကပ်သည့် သကျသီဟဓမ္မာစရိယဘွဲ့လက်မှတ်သည် မစိုးရိမ်ကျောင်းတိုက်ကြီး၏ နာယကစာချ( ပါမောက္ခ) ခန့်အပ်စာ ပင် ဖြစ်တော့သည်။ မစိုးရိမ်ကျောင်းတိုက်ကြီးတွင် သင်ကြားပို့ချပေးနေသည့် သကျသီဟစာသင်တန်းသည် ၀ိဇ္ဇာဘွဲ့၊ သကျသီဟဓမ္မာစရိယ(စာချတန်း)သည် မဟာဝိဇ္ဇာဘွဲ့၊ နာယကစာချအဖြစ် တာဝန်ယူပြီးသည့်နောက် ပါဠိအဘိဓာနသဟကာရီနိကာယပါဠိအဘိဓာန်ပြုစုရေးအဖွဲ့ (ယခုတိပိဋကပါဠိမြန်မာအဘိဓာန်ပြုစုရေးအဖွဲ့) တွင် ဆက်လက်၍ ပိဋကတ်စာပေများ သုတေ သနပြုရသောအဆင့်သည် ပါရဂူဘွဲ့နှင့် ညီမျှပေလိမ့်မည်။

တဖြည်းဖြည်း စည်ပင်ကြီးထွားလာရသော သက္ကတတက္ကသိုလ်ထက်ပိုလွန်သည့် မစိုးရိမ် ကျောင်းတိုက်ကြီး၏ အားသာချက်မှာ လိုအပ်သည့် အခြေခံအဆောက်အဦနှင့် ပညာရေးမြှင့် တင်မှုစသည့် အရာမှန်သမျှကို ထောက်ပံပေးမည့် ကျောင်းဒကာကြီး ဦးသက်ရှည်၏ ထက်သန်လှသော သာသနာမြတ်နိုးမှုပင်ဖြစ်လေသည်။

(၄)

သက္ကတတက္ကသိုလ်ကြီး၏ လက်အောက်ခံကောလိပ်နှင့် စာသင်ကျောင်းပေါင်း တစ်ထောင် ခန့် ရှိသည်ဟု မှတ်သားရသည့်အခါ မစိုးရိမ်ဟုအမည်မခံသည့်တိုင် မစိုးရိမ်မျိုးဆက်တို့၏ ပရိယတ္တိသီးထပ်စိုက်ပျိုးရာ စာသင် တိုက်ကြီးငယ်များစွာကို မှန်းဆဂုဏ်ယူမိပြန်လေသည်။

သို့သော် ယခင်က ဗြဟ္မဏပုဏ္ဏားလုလင်ငယ်တို့၏ သက္ကတစာပေနှင့် ဝေဒကျမ်းဂန်တို့ ရွတ်ဖတ်သင်အံရာ သံသကရိတ ပဋသာလသက္ကတစာသင်တိုက်ငယ်သည် ရာစုသစ် အပြောင်းအလဲများနှင့် အသားကျစွာ Sampurnanand Sanskrit University အဖြစ် ကမ္ဘာ့တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ နိုင်ငံတကာကျောင်းသားများအတွက် အဆင့်မြင့် ပညာရေးဝင်ပေါက်တစ်ခုဖြစ်နေလေပြီ။

မစိုးရိမ်ကျောင်းတိုက်ကြီးကတော့ အမည်မခံသော တက္ကသိုလ်ကြီးအဖြစ် အရှိန်အဟုန်မြှင့် စိးဆင်းနေဆဲ။ နိုင်ငံတကာကျောင်းတော်သားတို့၏ အမြင်တွင် မပေါ်လွင်လှသော်လည်း ခေတ်အဆက် ဆက် သာသနာ့ လုပ်ငန်းစဉ်တို့ဖြင့် ဂုဏ်ယူဖွယ်နေ့ရက်တို့ကို ရေးခြစ်နေမြဲ။

ကမ္ဘာ့သာသနာပြုအိပ်မက်ရှင်တို့ကို မွေးမြူနေမြဲသာ။


(လွန်ခဲ့သော ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီး၏ သတ္တမနှစ်လည်စာစောင်တွင် ရေးခဲ့ဖူးသည့် ပရိယတ္တိသူရဲကောင်းများအတွက် ဂုဏ်ပြုစာတမ်း။)

11 September, 2009

ရဟန်းတစ်ပါးအတွက် ကျောင်းသင်္ခန်း(၂)

ခေါင်းစဉ်ဖတ်ပြီး သူ့မိတ်ဆွေအချို့က အလှူခံဌာနဖွင့်ပြီလား လို့လုပ်ကြပါလေရော။ ရဟန်းဘောင်တက်တဲ့ နေ့က “ရဟန်းမှန်ရင် သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ သီတင်းသုံးနေထိုင်နိုင်ရမယ်”လို့ သြ၀ါဒစကားကြားပြီးကတည်း နေရေးထိုင်ရေးမပူတော့တာ။
အင်းခုတော့ တောတွေပြုံးတီး ဂေဟဗေဒစနစ်တွေ ကတိမ်းကပါးဖြစ်ကြလေတော့ သစ်ပင်ကို ကျောင်းအဖြစ်သုံးဖို့ မောင်ဖုန်းအကြံလည်း အငွေ့ပျံရလေသပေါ့။ ပြီးတော့ ရှိသေးသပ ဘုတ်အုပ်အထူကြီးတွေဖတ်ပြီး အိပ်မက်မြင့်မြင့်ကြီးတွေမက်ချင်လာတဲ့ ရောဂါလေ။ ဒီလိုနဲ့ စာသင်တိုက်တွေတက် တက္ကသိုလ်တွေဆက်နဲ့ ရွာလေးနဲ့လည်း ဝေးဝေးသွားတော့တာ။

“မောင်ပဇင်းပညာအရည်အချင်းတွေနဲ့ တို့များရွာလေးမှာ အလုပ်မရှိပါဘူးကွယ်” ဆိုတဲ့
ရွာဦးကျောင်းဆရာတော့်အမိန့်ရှိချက်က သူ့ရွာလေးမှာ ပြန်လည်အခြေချပြီး ကျေးလက်သာသနာဖွံဖြိုးရေးစိတ်ကူးလေးလည်း လွင့်ပါးခဲ့ရလေသပေါ့။ ရွာကအမျိုးတွေကလည်း နိုင်ငံခြားသာသနာပြုတို့ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တို့ ဆိုတဲ့ ဝေါဟာရကြီးတွေကို သူတို့အမျိုးရဟန်းတော်လေးရဲ့ ဘွဲ့အမည်နဲ့ ကပ်ပြီး အနာဂတ်ကို ရွှေချနေကြလေသကိုး။
ရွာနဲ့ ငါနဲ့မဆိုင်တော့လေပြီတကား။ ဝေးချေပြီကော ရွာဦးက ကုက္ကိုပင်ကြီးရေ။

ဓမ္မာစရိယတစ်ဘွဲ့ဘွဲ့ ရပြီးရင် ခုလက်ရှိကျင့်သုံးနေတဲ့ ပရိယတ္တိသင်ရိုးညွှန်းတမ်းအတွက် လုံလောက်နေပါပြီ။ ဓမ္မာစရိယဘွဲ့လေးကို ဆုပ်ကိုင်မိတဲ့ အချိန် ကျေးလက်ခေါ်သံကို နားစွင့်မိပေမယ့် ရွာလေးရဲ့ တံခါးချပ်တွေက သူ့အတွက် ပိတ်နေခဲ့ပါပြီ။

မြို့ပြမှာကောတဲ့။ သူ့လို ရဟန်းငယ်တစ်ပါးအတွက် နေရာမရှိ။ အလုပ်မရှိပြန်ပါ။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းမှာ မီခိုကပ်ရပ်နေထိုင်ကာ လမ်းကြောင်းအသစ်တွေနောက် ဖောက်ထွက်ရပြန်ပါတယ်။ ရာသီတိုင်း ကျောင်းတက်ရင်း ဒီပလိုမာတွေ ၀ိဇ္ဖာဘွဲ့ မဟာဝိဇ္ဖာဘွဲ့တွေက သူ့ဘွဲအမည်နောက်မှာ လိပ်စာကဒ်အတွက် အသုံးဝင်လာခဲ့ပြန်ပါတယ်။ သူ့ရည်ရွယ်ထားမိတဲ့ အနာဂတ်ပရိယတ္တိစီမံကိန်းတွေအတွက်တော့ ငြင်းခုန်ရဆဲပါ။ အသိအမြင်များခြင်းဟာ မိတ်ဆွေ ရန်သူဆိုတာကို ခွဲခြားသိစေတဲ့ အတတ်ပညာဖြစ်ရင်တော့ သူ့ဆည်းပူးခဲ့သမျှကို ပစ်ချလိုက်ပါရစေတော့။

ဘာတွေဘယ်လိုစကြမလဲ။ ခေါင်းစဉ်အမျိုးမျိုးတွေအောက်မှာ ခပ်တည်တည်လက်မှတ်ထိုးလိုက်ကြပါစို့။ အမေရိကားနဲ့ အနောက်တိုင်းနိုင်ငံတွေ၊ ဂျပန်နဲ့ အရှေ့အာရှ၊ အရှေ့တောင် အာရှ နိုင်ငံတွေက နယ်ပယ်မျိုးစုံမှာ ခြေလှမ်းကြဲကြဲနဲ့ လျှောက်ကုန်ကြပြီ။ ဒီမှာတော့ စကားလုံးတွေနဲ့ပဲ အဆင်ပြေလေမလား။ သူကပြောကြည့်တယ်။ အနာဂတ်ပရိယတ္တိပညာရေးဟာ ဘယ်ဘက်ကို ဦးတည်နေမလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ဖြေနေမိတော့တာ။


10 September, 2009

ရဟန်းတစ်ပါးအတွက် ကျောင်းသင်္ခန်း

ခုတစ်လော ရေးမိတာတွေကို မိတ်ဆွေတွေက လေးလေးနက်နက်တွေ လုပ်စမ်းပါတဲ့။ သူကလည်း တံဆိပ် တစ်ခုမတပ်ရသေးတော့ ဘာရေးရမှန်းကို မသိတာ။ ရေးချင်တာတွေ ရေးမိနေတော့တာ။ နောက်တော့လည်း ဘာဆရာတော်ဆိုပြီး ဒကာဒကာမတစ်သိုက်ရဲ့ ခေါင်းစဉ်အောက်မှာ ကျောင်းဆောက် ဘုရားတည်ပေါ့လေ။ သူက ကလေးတွေကို စာသင်ချင်တာ။ စာကြည့်တိုက်တွေ ထောင်ချင်တာ။အဲဒါတော့ အားပေးကြမယ်မထင်။

အောဇီးက ဒကာမတစ်စု တောင်းပန်မှုကလည်း မဟာဗုဒ္ဓ၀င်ကို ရုပ်ရှင်သဖွယ် မွှန်းပါဆိုသကိုး။ ကိုမိုက်တီး၊ ကိုမီးပွား ၊မောင်မျိုးမင်းနဲ့ ကိုစင်ရော်ကြီးတို့ကို ကင်မရာကိုင်ခိုင်းပြီး ဒကာကိုနေ၀င်းမြင့်ကြီးကို ဇာတ်ညွှန်း ရေးခိုင်းရလေမှာပ။ အင်း မင်းခိုက်စိုးစံတို့ နီကိုရဲတို့ အရိုးတို့ကလည်း ရှိသေး။ အကယ်ဒမီဦးငြိမ်းမင်းကြီး ကိုတော့ ဆွမ်းပဲချက်ကပ်တော့ဗျာလို့ ပြောရတော့မှာပဲ။

ပန်းမြိုင်လယ်က ဥယျာဉ်မှူးဇာတ်ဝင်ခန်းထဲမှာ ကျောင်းဆရာကိုနေအောင်ကြီးပြောတဲ့ “လူဆိုတာ ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက် မိုက်၊ ဘယ်တော့မှ မယုတ်မာရဘူးကွ“ လို့ပြောတာက ရောက်မသွားဘဲ တာတီးဇာတ်ကောင် ဒကာကိုကျော်ဟိန်း( ခုတော့ ဘုန်းကြီးဝတ်နေဆိုလား) ကြီးရဲ့ “ အဘရေ Justify Fullသောက် သောက်” ဆိုပြီး ထန်းပင်အောက်မှာ မြောက်ခဲ့တာကြီးက ပေါက်သွားခဲ့တာကိုး။

အင်း ဟောလီးဝုဒ်နဲ့ဘောလီးဝုဒ်ကပုဂ္ဂိုလ်ကြီးငယ်တွေကိုတော့ မျက်စိမှိတ်လိုက်ရပေမပ။ မွှမ်းမယ် လုပ်ချ လိုက်ဦးမယ်။ စောင့်ကြည့်ကြပေတော့။ အင်းဒီအချိုးမျိုးကြောင့်ပဲ ၀ါဆိုကျောင်း လက်မဲ့ဖြစ်ခဲ့ရပေါင်းများ လှပြီ။ ပိုးဖလံမျိုး အပြောဆိုး အဲ မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ။ကျောင်းရိုးကိုးပေါက် ပျောက်ခဲ့ပြီ။

ခုတော့ ကျောင်းအလှူအကြောင်းပြောရဦးမယ်။ ကျောင်းက အကြီးကြီးဆောက်မှာပါ။ အရင်က ဆောက်ပြီးသားကျောင်းကိုပဲ မုဒိတာနဲ့ ပြန်ဆောက်ကြည့်တာပါ။

မန္တလေးက မစိုးရိမ်တိုက်ကြီးလေ။ မစိုးရိမ်ကျောင်းဒကာအကြောင်းဖတ်မိရင် အဲဒီဒကာကြီးရဲ့ အဇ္ဈတ္တအတွင်း သားနဲ့ လုပ်ဆောင်ချက်တွေက လင်းလင်းလက်လက်ရှိလွန်းလှပါတယ်။တကယ်ပါ မစိုးရိမ်ဆရာ တော်ဘုရား ကြီး အတ္ထုပ္ပတ္တိကို ဖတ်ကြည့်ရင်ကျောင်းဒကာမိသားစုတွေရဲ့ ပုံရိပ်တွေကို ခိုက်သွားမှာ။ ခုလက်ရှိ မစိုးရိမ် တိုက်သစ်ဆရာတော်ဘုရားကြီး အရှင်ရာဇဓမ္မာဘိဝံသပြုစုတော်မူတာပါ။အဲဒီစာအုပ်ရဲ့ စာမျက်နှာ တိုင်းမှာ ပါတဲ့ ဇာတ်ကောင်တွေက တကယ်လှပါတယ်။

ကျောင်းဒကာကြီးက ဦးသက်ရှည်တဲ့။ သူ့သားက မောင်ကျော်ပါ။ အမရပူရ ဥယျာဉ်တော်ရွာသားတွေပေါ့။ အလွန်ဆင်းရဲပါတယ်။ အမရပူရကနေ မန္တလေးကို ဟင်းသီးဟင်းရွက်တွေ လာရောင်းရတာပါ။ ဘတ်စ်ကားတွေ မရှိသေးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက အမရပူရ မန္တလေးခရီးဟာ ချွေးပြိုက်ပြိုက်ကျစရာပါ။ ဗိုက်တွေလည်း ဟာစရာပါ။ သားအဖနှစ်ယောက် မုန့်ပြားသလက်တစ်ချပ်ကို နှစ်ယောက်ခွဲဝေစားခဲ့ကြပါသတဲ့။

သူတို့သားအဖနှစ်ယောက်ကို မန္တလေးက ပွဲရုံသူဌေးက မျက်စိကျခဲ့ပါလေရော။ ရိုးသားမှုနဲ့ မမေ့ မလျော့မှုသတိတရားဟာ ချမ်းသာခြင်းဆီကို ပို့ပေးတတ်ပါတယ်။ ပွဲရုံမှာ သားအဖနှစ်ယောက် အလုပ်ရ သွားပါတယ်။ သူတို့က ပွဲရုံအလုပ်ဆိုပေမယ့် သူတို့ကိုယ်ပိုင်အလုပ်လိုကို အားထုတ်ကြတော့တာပါ။ ပွဲရုံလည်းစီးပွားတက်သလို သူတို့သားအဖနှစ်ယောက်မှာလည်း စုမိဆောင်းမိလေးဖြစ်သွားခဲ့တာပါ။ ပွဲရုံပိုင်ရှင် သူဌေးကလည်း သူတော်ကောင်းပါ။ သူတို့ကို ပွဲရုံခွဲထောင်ပေးလိုက်ပါတယ်။

အဓိကအရေးကြီးတာက သူတို့သားအဖရဲ့ အဓိပတိတရားတွေပါ။ ငယ်စဉ်ကတည်းက သားအဖနှစ်ယောက်ရဲ့ စကားဝိုင်းမှာ ကျောင်းဒကာဖြစ်ရေးခေါင်းစဉ်က ကြီးစိုးနေခဲ့တယ်ဆိုပဲ။ သာသနာပြုချင်တဲ့စိတ်က သူတို့ သားအဖနှစ်ယောက်ကို လူရိုးလူကောင်းတွေ ဖြစ်အောင်တွန်းပို့နေတော့တာပါ။ ပြောကြပါစို့ သူတို့သားအဖ တည်ထောင်တဲ့ လက်ဘက်ပွဲရုံလေးက အောင်မြင်လာပါတယ်။ သူတို့မှာ အိမ်ဆောက်ဖို့ထက် ကျောင်း ဆောက်ဖို့ စိတ်ကူးက ရှေ့က ဥသြဆွဲတာပါ။ ရှိတဲ့ ငွေစလေးတွေ ပိုက်ပြီး ရွာပြန်ပြေးကြတာပါ။ ကိုယ့်ငယ်ဆရာ ကျောင်းမှာ ကျောင်းဆောက်မယ်လေ။ အိုးစည်ဗုံမောင်းတွေနဲ့ ဟိုတုန်းက လူဆင်းရဲသားအဖ ကျောင်းရေစက် ချမယ်လေ။

မိုက်တယ်။တကယ် လှတယ်။ ဒီဇာတ်ဝင်ခန်းကို တိုက်တန်းနစ်ရိုက်တဲ့ ဒါရိုက်တာကြီးမစ္စတာကင်မရွန်းတော့ ကင်မရာကို ဘယ်ဘက်က ချိန်မလဲ။ ကြည့်။ရွာဦးကျောင်းဆရာတော်ကြီကလည်း အထင်ကရ အဘိဓမ္မာ ပညာရှင်ဆရာတော်ကြီးပါ။ မြို့ပြင်ကြီးဆရာတော်ဆိုပြီး ကျော်ဇောတော်မူတာပါ။

ကင်မရာက ဆရာတော်ကြီးမျက်နှာကို ချိန်လိုက်ရမှာပါ။ မီးတွေလင်းနေအောင် ထိုးကြကွာ။
“ဟ မောင်သက်ရှည်ရ ဒီရွာမှာ ကျောင်းဆောက်တော့ ဘာအကျိုးများမတုန်းကွ။ ငါလည်း တစ်သက်တာလုံး အဘိဓမ္မာကျမ်းတွေပို့ချခဲ့ပြီးပြီ။ ခု သက်ရွယ်အိုမင်းလို့ အေးအေးလူလူသီတင်းသုံးနေတာ၊ စာသင်သားတွေ လည်း လက်မခံနိုင်တော့ပါဘူးကွယ်။ အကျိုးများအောင် ကျောင်းဆောက်ချင်ရင်တော့ မန္တလေးက စာသင်တိုက်ကြီးတွေမှာ အနေဆင်းရဲနေတဲ့ စာသင်သားတွေအတွက်သာ ကျောင်းဆောက်ဖို့ စီမံပါလေကွယ်”တဲ့။

CUT!

ကောင်းတယ်။ ဒီဇာတ်ဝင်ခန်းကို အကယ်ဒမီပေးကြစို့။ ဂုဏ်ထူးဆောင်အကယ်ဒမီဆရာတော်ပေါ့လေ။

ကျောင်းဒကာလောင်းသားအဖကလည်း သဘောပေါက်လွယ်ပါတယ်။ မန္တလေးမြို့က စာသင်စာချကျောင်းတော် ဘုရားကြီးတိုက်အတွင်းမှာ ကျောင်းဆောက်လှူခဲ့ပါတယ်။ စာသင်သားတွေ စုစုရုံးရုံးစာတက်နေတဲ့ မိုးယိုယိုင်နဲ့နေတဲ့ကျောင်းလေးကိုမှ ရှာဖွေလှူဒါန်းခဲ့တာပါ။ အဲဒီကျောင်းရဲ့ ဆရာတော်ဘွဲ့အမည်ကိုတောင် သိကြဟန်မတူပါဘူး။
ဂင်္ဂါမြစ်ကမ်းပါးမှာ
ထိုင်ပြီး
ဟိုးအဝေးဆီက
ခေါ်သံတွေကို
နားစွင့်မိတိုင်း
ဧရာဝတီရဲ့
လှိုင်းခတ်သံတွေကို
ကြားယောင်
လွမ်းဆွတ်စွာ